International News

ဂျပန်-တရုတ်-တောင်ကိုရီးယား(၃)နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုများပြုလုပ်သွားမည်

Last Updated:

ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်မှစတင်၍ ရပ်ဆိုင်းထားသည့် ဆွေးနွေးမှုများကို ပြန်လည်စတင်နိုင်ရေးအတွက် ၂၇-၅-၂၀၂၄ ရက်နေ့တွင် ၃ နိုင်ငံခေါင်းဆောင်များတွေ့ဆုံရာတွင် သဘောတူညီသွားရန်ရှိပါသည်။

တရုတ်အစိုးရအနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများကို ပံ့ပိုးပေးမှုများနှင့် အထူးအခွင့်အရေးများပေးအပ်ခြင်းကြောင့် အလွန်အကျွံထုတ်လုပ်နိုင်မှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ထိုသို့ဆောင်ရွက်မှုကို ရပ်ဆိုင်းသွားရန် ဂျပန်နိုင်ငံအနေဖြင့် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ထို့အတူ တရုတ်မှ တင်းကြပ်သည့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာစည်းကမ်းများသတ်မှတ်ထားမှုကြောင့် ယုံကြည်ရသည့်သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းနိုင်မှုကို အဟန့်အတားဖြစ်စေလျက်ရှိခြင်းကြောင့် အဆိုပါအချက်များကို ဖြေလျှော့ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲတွင် ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံများအကြား အရည်အသွေးပြည့်ဝကာ အားလုံးပါဝင်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်(FTA)ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများအရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်(FTA)ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ် ရာတွင် အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို ကြိုတင်မျှော်တွေးဆောင်ရွက်သွားမည့် “Future-oriented trilateral FTA” ဖြစ်စေရေးအတွက်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့အကြား FTA ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်သွားရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်၍ကြေညာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ ၁၆ ကြိမ်မြောက်ဆွေးနွေးပြီးနောက် ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးအခြေအနေအားနည်းလာသည့်အတွက် ဆွေးနွေးမှုများပြန်လည်စတင်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်ကအသက်ဝင်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Regional Comprehensive Economic Partnership -RCEP)၏အဖွဲ့ဝင်နိုင်ငံများဖြစ်ကြကြောင်း၊ ယခု FTA သည် အဆိုပါ RCEP ပါဖြေလျှော့ပေးမှုများထက် သာလွန်ကောင်းမွန်မည်ဖြစ်သည့်အတွက် RCEP Plus ဟုသတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့အကြား ချုပ်ဆိုမည့် FTA ၏ဈေးကွက်ဝင်ရောက်ရေး(Market Access)အခန်းတွင် RCEP ၌ မပါဝင်သည့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများကို အကောက်ခွန်ကောက်ခံမှုကို လုံးဝဖျက်သိမ်းကာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အတူ RCEP ၌ မပါဝင်သော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို စီးပွားရေးဆိုင်ရာပံ့ပိုးမှုအကူအညီများနှင့် အထူးအခွင့်အရေးများပေးအပ်ခြင်းကို လျှော့ချသွားရေးကိစ္စများကို ထည့်သွင်းသွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။ တရုတ်အစိုးရမှ စီးပွားရေးလုပ်ငန်းများအပေါ် ပံ့ပိုးမှုအကူအညီအများအပြားပေးအပ်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံတွင် လျှပ်စစ်ယာဉ်များနှင့် ဆိုလာပြားများ အလွန်အကျွံထုတ်လုပ်နိုင်မှုနှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများမှ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် FTA ဆွေးနွေးမှုများတွင် ထည့်သွင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ တရုတ်မှ ဈေးနှုန်းသက်သာသည့် ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ဖြန့်ဖြူးရောင်းချခြင်းသည် ကမ္ဘာ့ဈေးကွက်ပျက်စီးမှုကို ဖြစ်ပေါ်စေလျက်ရှိသည့်အတွက် ဂျပန်၊ အမေရိကန်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထို့အတူ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး(E-commerce)အခန်းတွင် ပြည်ပလုပ်ငန်းများ၏ Software Source Code ကို အတင်းအကြပ်ထုတ်ဖော်တင်ပြစေခြင်းကို တားမြစ်သွားရန် ဂျပန်နိုင်ငံအနေဖြင့် တရုတ်ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့၏ FTA ဆိုင်ရာဆွေးနွေးမှုများမှတစ်ဆင့် တရုတ်နိုင်ငံအား မျှတသောစည်းမျဉ်းများသတ်မှတ်နိုင်ရေး တောင်းဆိုသွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်အားလုံးကို တရုတ်သို့ တင်သွင်းခွင့်ပိတ်ပင်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်၏ထိုသို့ပိတ်ပင်မှုကို ချက်ချင်းရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယခု FTA ချုပ်ဆိုနိုင်ရေး ဆွေးနွေးရာတွင်လည်း အဆိုပါအချက်ကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၂၇-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News