တရုတ်နိုင်ငံအခြေစိုက် သံမဏိထုတ်လုပ်မှုလုပ်ငန်းကြီးဖြစ်သော Panhua Group Co. Ltd. သည် ဖိလစ်ပိုင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုထားသည့် ဘီလီယံနှင့်ချီသော စီမံကိန်းများအနက် ဆာရန်ဂါနီ(Sarangani)ပြည်နယ်ရှိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်စက်ရုံကို လာမည့်ဇွန်လတွင် စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန(Department of Trade and Industry-DTI)က ထုတ်ပြန်ခဲ့သည်။
စီမံကိန်းပထမအဆင့်တွင် Panhua Group သည် သံမဏိပြားများကို အဓိကထားထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ပေါင်း ၄,၀၀၀ ကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ယခုစတင်မည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်စက်ရုံသည် ဖိလစ်ပိုင်သံမဏိကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီက လျာထားသော အစီအစဉ်တစ်ခုလုံး၏ သုံးပုံတစ်ပုံမျှသာရှိသေးကြောင်း သိရသည်။
Panhua Group သည် ဤရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက ကြေညာခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီမံကိန်းအကောင်အထည်ဖော်ရန် ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း DTI ဝန်ကြီး Cristina Roque က ပြောကြားခဲ့ပါသည်။ သို့သော်လည်း လက်ရှိတွင် ဖိလစ်ပိုင်ဈေးကွက်အပေါ် ကုမ္ပဏီ၏ယုံကြည်မှုမှာ အလွန်ခိုင်မာလျက်ရှိပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးသံမဏိပြား အပါး ထုတ်လုပ်သည့် Panhua Group အနေဖြင့် သံမဏိလုပ်ငန်းအပြင် လက်ဖက် ခြောက်ထုတ်လုပ်မှုလုပ်ငန်းကိုပါ ထပ်မံတိုးချဲ့ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
အထက်ပါကိစ္စရပ်ကို DTI ဝန်ကြီး Cristina Roque က ၎င်း၏ တရုတ်နိုင်ငံ၊ စူကျိုးမြို့ခရီးစဉ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဖိလစ်ပိုင်တွင် လုပ်ငန်းတိုးချဲ့ရန် စိတ်ဝင်စားသည့် အခြားတရုတ်ကုမ္ပဏီများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့အနက် NWOW Technology နှင့် Shanghai Launch ကုမ္ပဏီတို့သည် လျှပ်စစ်ကား(EV)ထုတ်လုပ်ရန် စိတ်ဝင်စားနေကြပြီး ‘Oishi’ မုန့်ထုတ်လုပ်ရေး Liwayway China ကမူ ပြည်ပသို့ တင်ပို့မည့် အုန်းသီးအခြေခံစက်ရုံတည်ဆောက်ရန်စီစဉ်နေကြောင်း၊ ထို့ပြင် ပရီမီယံလက်ဖက်ရည်အမှတ်တံဆိပ် Chagee နှင့်လည်း လုပ်ငန်းတိုးချဲ့ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
လောလောဆယ်တွင် တရားဝင်သဘောတူညီချက်မရသေးသော်လည်း အဆိုပါကုမ္ပဏီများသည် ဖိလစ်ပိုင်ကို အဓိကကုန်ထုတ်လုပ်မှုအခြေ စိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲရန် အလေးအနက်စဉ်းစားနေကြကြောင်း သိရသည်။
(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)