International News

အထွက်နှုန်းကျဆင်းခြင်းကြောင့် ဖိလစ်ပိုင်ဒူးရင်းသီး ပြည်ပတင်ပို့မှု သိသိသာသာလျော့ကျ

Last Updated:

ရာသီဥတုဆိုးရွားမှုကြောင့် ပြီးခဲ့သည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံထွက်ကုန် ဒူးရင်းသီးများ ပြည်ပတင်ပို့မှု၏ဝင်ငွေသည် ၅၄ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၃၂.၅ သန်းမှ ၁၅ သန်းသို့)ကျဆင်းသွားကြောင်း ဖိလစ်ပိုင်ဒူးရင်းသီးတင်ပို့သူများအသင်း(Durian Exporters Association of the Philippines -DEAP)ဥက္ကဋ္ဌ Candelario Miculob က ပြောသည်။ ဒူးရင်းပန်းပွင့်ချိန်နှင့် အသီးကင်းစွဲချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ အသီးများကြွေကျခဲ့သဖြင့် တင်ပို့မှုပမာဏမှာလည်း ၇၇ ရာခိုင်နှုန်း(တန်ချိန် ၁၄,၃၉၈ မှ ၃,၂၆၀)အထိ ကျဆင်းသွားခဲ့ပြီး ကောင်းမွန်လတ်ဆတ်သည့် ဒူးရင်းသီးများရှားပါးမှုကြောင့် အေးခဲထားသည့် ဒူးရင်းသီးထုတ်လုပ်တင်ပို့မှုလည်း အဆမတန်လျော့နည်းသွားခဲ့သည်။

လက်ရှိတွင် ဖိလစ်ပိုင်ဒူးရင်း၏ ၉၅ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် တရုတ်စျေးကွက်အတွင်း ထိုင်းနှင့် ဗီယက်နမ်တို့၏ ထောက်ပံ့ပို့ဆောင်ရေးကောင်းမွန်မှုကြောင့် ဖိလစ်ပိုင်အနေဖြင့် စျေးကွက်ဝေစုဆုံးရှုံးမည့်အရေး ကြုံတွေ့နေရသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ဒူးရင်းသီးရှားပါးသည့် ဇူလိုင်မှ အောက်တိုဘာရိတ်သိမ်းရာသီကာလတွင် ဖိလစ်ပိုင်ဒူးရင်းသီးများစတင်ထွက်ရှိခြင်းမှာ တစ်ခုတည်းသော စျေးကွက်အားသာချက်ဖြစ်နေသည်။

တရုတ်စျေးကွက်တစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချရန် အမေရိကန်၊ ဥရောပ၊ နယူးဇီလန်နှင့် ဩစတြေးလျတို့သို့ စျေးကွက်သစ်ချဲ့ထွင်ရန်ပြင်ဆင်နေပြီး အလှမ်းဝေးသောဥရောပသို့ အေးခဲဒူးရင်းသီးပုံစံဖြင့် တင်ပို့ရန်ချဉ်းကပ်လျက်ရှိသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန(Department of Agriculture-DA)ကလည်း စျေးကွက်သစ်ရှာဖွေရေးနှင့် တောင်သူများအတွက် အရေးကြီးဆုံးဖြစ်သည့် လယ်ယာစီမံခန့်ခွဲမှုဆိုင်ရာ တောင်သူနည်းပညာပေးသင်တန်းများကို ပံ့ပိုးပေးနေပြီး လက်ရှိတွင် ပြည်ပတင်ပို့မှုကြောင့် ဒူးရင်းကို အပြိုင်အဆိုင်စိုက်ပျိုးလာကြရာ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း စိုက်ခင်းအသစ်များမှ အထွက်နှုန်းပိုမိုတိုးတက်လာမည်ဖြစ် သည်။

သို့သော် ဓာတ်မြေဩဇာစျေးနှုန်းကြီးမြင့်မှုကြောင့် အသီးအထွက်နှုန်းထိခိုက်နိုင်ခြေရှိခြင်းနှင့် ရိတ်သိမ်းချိန်မတိုင်မီ ဇွန်လတွင် အယ်လ်နီညို (El Niño)မိုးခေါင်ရေရှားမှု စောစီးစွာဝင်ရောက်လာပါက အသီးအနှံများအပေါ် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများရှိလာနိုင်ကြောင်း ၎င်းက သတိပေး ထားသည်။

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News