စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Lee Hsien Loong သည် တရုတ်နိုင်ငံသို့ ၁၈-၅-၂၀၂၆ ရက်နေ့မှ ၂၂-၅-၂၀၂၆ ရက်နေ့အထိ ၅ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ပြီး ကွန်ရှီးဒေသ၏ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်လာစေရေး ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံနှင့်ဒေသတွင်းအဆင့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေရန် အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စင်ကာပူနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၁၆၂.၉ ဘီလီယံ၊ စင်ကာပူနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၁၁.၇ ရာခိုင်နှုန်းအထိရှိခဲ့ပါသည်။ ထို့ပြင် ၂၀၁၃ ခုနှစ်မှ စတင်၍ စင်ကာပူနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုစီးဝင်မှုပမာဏ(Investment flows)အရ တရုတ်နိုင်ငံတွင် အကြီးမားဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံသည့်နိုင်ငံအဖြစ်လည်း ရပ်တည်ခဲ့ပါသည်။
စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေသော စီမံကိန်းကြီး ၃ ခု ရှိပြီး ၎င်းတို့မှာ ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် စူးကျိုးစက်မှုဥယျာဉ်(Suzhou Industrial Park)၊ ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သည့် စင်ကာပူ-တရုတ်တီယန်ကျင်း-ဂေဟစနစ်မြို့တော်(Sino-Singapore Tianjin Eco-City)နှင့် ၂၀၁၅ ခုနှစ်တွင်တည်ထောင်ခဲ့သည့် ချုံချင့်ပူးပေါင်းဆက်ဆံရေးအစီအစဉ်(Chongqing Connectivity Initiative)တို့ဖြစ်ကြပါသည်။
ဝန်ကြီးချုပ်ဟောင်း Lee Hsien Loong ၏ခရီးစဉ်အတွင်း ကွန်ရှီးဒေသသည် တရုတ်နိုင်ငံနှင့်အရှေ့တောင်အာရှကို ချိတ်ဆက်ပေးသည့် အဓိက တံခါးပေါက်တစ်ခုဖြစ်ပြီး အာဆီယံ-တရုတ်ချိတ်ဆက်မှုများကို မြှင့်တင် ဆောင်ရွက်နိုင်စေရန် အလေးထားဆွေးနွေးသွားမည်ကြောင်း၊ ရှန်ဟိုင်းမြို့တွင် ၂၁-၅-၂၀၂၆ ရက်နေ့မှ ၂၂-၅-၂၀၂၆ ရက်နေ့အထိကျင်းပပြုလုပ်မည့် JPMorgan Global China Summit သို့ တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
၂၀၂၅ ခုနှစ်အတွင်း စင်ကာပူနိုင်ငံနှင့် ကွန်ရှီးဒေသတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ယွမ် ၁၃.၈ ဘီလီယံ(စင်ကာပူဒေါ်လာ ၂.၆ ဘီလီယံ)၊ ကွမ်ရှီးဒေသတွင် စင်ကာပူနိုင်ငံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံအထိအသီးသီးရှိခဲ့ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် စီမံကိန်းအသစ် ၃၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း စင်ကာပူနိုင်ငံနှင့် ရှန်ဟိုင်းမြို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမှာ ၁၇.၇ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး ရှန်ဟိုင်းမြို့မှ စင်ကာပူနိုင်ငံသို့ ကုန်စည် ၂၉.၅ ရာခိုင်နှုန်းတိုးမြှင့်တင်ပို့နိုင်ခဲ့ပါသည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Lee Hsien Loong တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်သည် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်ဖြစ်ပြီး ကွန်ရှီးဒေသမှတစ်ဆင့် အာဆီယံ-တရုတ်ချိတ်ဆက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသောမိတ်ဖက်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရန်ဖြစ်သည့်အတွက် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ ကောင်းမွန်ထိရောက်သော အကျိုးရလဒ်များရရှိလာနိုင်မည် ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)