International News

အိန္ဒိယအစိုးရ၏ Bachat Utsav (ရက် ၁၀၀ လှုပ်ရှားမှု) အစီအစဉ်မှပေးအပ်သော အကျိုးကျေးဇူးများကို ကုန်သည်လုပ်ငန်းရှင်များနှင့် ပြည်သူများခံစားရရှိဟု ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီ၏တစ်နိုင်ငံလုံးအား ပြောကြားခဲ့သောမိန့်ခွန်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင်စတင်ခဲ့သော အစိုးရ၏ Bachat Utsav(ရက် ၁၀၀ လှုပ်ရှားမှု)အစီအစဉ်သည် ကုန်သည်များ၊ အာမခံကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား မကြာသေးမီက ကုန်စည်နှင့်ဝန်ဆောင်မှုခွန်(GST)နှုန်းထားလျှော့ချမှုများ၏ အကျိုးကျေးဇူးများကို သိသာထင်ရှားစွာ လက်ဆင့်ကမ်းပေးနေကာ ခိုင်မာသောရလဒ်များပြသလျက်ရှိကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ပြောကြားခဲ့သည်။

ET Now သတင်းဌာနနှင့် ပြောဆိုရာတွင် ဘဏ္ဍာရေးဝန်ကြီးက ကုန်သည်များနှင့်နိုင်ငံသားများထံမှ တုံ့ပြန်မှုသည် အလွန်အမင်းအပြုသဘောဆောင်ကြောင်း မှတ်ချက်ပြုခဲ့သည်။"လက်ဆင့်ကမ်းပေးလိုက်တဲ့ပစ္စည်းတိုင်းမှာ အကျိုးကျေးဇူးတွေကို ပြည်သူတွေကိုယ်တိုင်မြင်တွေ့နေရပါတယ်။ ဒါဟာ နှုတ်ကတိတွေတင်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုမှာ သိသာထင်ရှားပါတယ်" ဟု Sitharaman က ပြောကြားခဲ့သည်။

၎င်းက အာမခံကုမ္ပဏီများအနေဖြင့် Input tax credit-ITC ဆိုင်ရာ သက်ရောက်မှုများရှိသော်လည်း ၎င်းတို့အား ၁၈ ရာခိုင်နှုန်းအခွန်သက်သာခွင့်ကို ပေးအပ်ထားပြီးဖြစ်ကြောင်းနှင့် ဆေးဝါးနှင့် မရှိမဖြစ်အိမ်သုံးပစ္စည်းများဝယ်ယူသည့် စားသုံးသူများ သည်လည်း သိသာထင်ရှားသော စရိတ်စကသက်သာမှုများကို တွေ့ကြုံနေရကြောင်း ထောက်ပြပြောကြားခဲ့သည်။ "နေ့စဉ်သုံးပစ္စည်းတွေ၊ လစဉ်ရိက္ခာပစ္စည်း တွေကနေ ဆေးဝါးတွေအထိ ပြည်သူတွေက ကွာခြားချက်ကို တွေ့မြင်နေကြရပါတယ်။ ဆိုလိုတာက သူတို့လက်ထဲမှာ ပိုက်ဆံပိုကျန်နေတာပါ"ဟု Sitharaman က ထပ်လောင်းပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးက ကုန်စည်နှင့်ဝန်ဆောင်မှုခွန်(GST)သက်သာခွင့်ကို မော်တော် ယာဉ်ကဏ္ဍက လျင်မြန်စွာလက်ခံကျင့်သုံးခဲ့ကြောင်း၊ Maruti Suzuki နှင့် Hyundai ကဲ့သို့သောအဓိကမော်တော်ယာဉ်ထုတ်လုပ်သူများသည် ၎င်းတို့၏ မော်တော်ယာဉ်ရောင်းအားများ စံချိန်တင်တိုးတက်ခဲ့ကြောင်းအတည်ပြုခဲ့ပြီး Maruti အမှတ်တံဆိပ်မော်တော်ကားများကို တစ်ရက်တည်းတွင် ယာဉ်အစီးရေ ၃၀,၀၀၀ အထိရောင်းချခဲ့ရကာ စုံစမ်းမေးမြန်းမှု ၈၀,၀၀၀ လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဘဏ်လုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ Sitharaman က လုပ်ငန်းကျွမ်းကျင်မှုရှိရန်နှင့် ဘုတ်အဖွဲ့ အဆင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့တွင် သေချာမှုရှိရန် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံပိုင် ဘဏ်များကို ခိုင်မာအားကောင်းစေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

Source:    Economic Times, Consumers see savings as traders, insurers pass on GST benefits, says Finance Minister Nirmala Sitharaman, September 26, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News