International News

နှစ်ကုန်ပိုင်းဝယ်လိုအားမြင့်မားမှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုရည်မှန်းချက်ထက် ကျော်လွန်ခဲ့

Last Updated:

နှစ်ကုန်ပိုင်းဝယ်လိုအားမြင့်မားမှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှု ရည်မှန်းချက်ထက်ကျော်လွန်ခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရှိရပါ သည်။

၂၀၂၅ ခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၇.၉ သန်းရှိခဲ့ပြီး ကနဦးရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၇.၅ သန်းထက်ကျော်လွန်ခဲ့ကြောင်း၊ ခရစ္စမတ်၊ နှစ်သစ်ကူးနှင့် တရုတ်နှစ်သစ်ကူးပွဲတော်များအတွက် သိုလှောင်ထားသော အဓိကသွင်းကုန်လုပ်ငန်းရှင်များထံမှ နှစ်ကုန်မှာယူမှုများမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုတန်ဖိုးမှာ ဘတ် ၁၄၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄.၅၂ ဘီလီယံ)ရှိကြောင်း၊ စုစုပေါင်းတင်ပို့မှု၏ ၄၅.၈ ရာခိုင်နှုန်းရှိသော ဆန်ဖြူတင်ပို့မှုသည် ၃၉.၉ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၃.၆၂ သန်းရှိကာ ဆန်မွှေးမှာ ၆.၃၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅၉၀,၀၀၀ ရှိခဲ့ကြောင်း၊ ယင်းကျဆင်းမှုများသည် ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်ကဲ့သို့သော အဓိကတင်ပို့သူများထံမှ ပြင်းထန်သော စျေးနှုန်းယှဉ်ပြိုင်မှုကြောင့်ဖြစ်ကြောင်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Ms.Arada Fuangtong  က ပြောကြားခဲ့သည်။

အခြားမျိုးကွဲများတွင်လည်း တိုးတက်မှုရှိခဲ့ပြီး ထိုင်း Hom mali ဆန်သည် တန်ချိန် ၁.၇၆ သန်းအထိရောက်ရှိခဲ့သဖြင့် ယခင်နှစ်ထက် ၀.၅၇ ရာခိုင်နှုန်း၊ ပေါင်းဆန်မှာ တန်ချိန် ၁.၅၁ သန်းဖြင့် ၁၈ ရာခိုင်နှုန်း၊ ကောက်ညှင်းဆန်မှာ တန်ချိန် ၃၃၀,၀၀၀ ဖြင့် ၁၀ ရာခိုင်နှုန်းနှင့် အရောင်မတင်ရသေးသော ဆန်မှာ  တန်ချိန် ၉၀,၀၀၀ ဖြင့် ၂၀၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ အဓိကပို့ကုန်ဈေးကွက်များတွင် အီရတ်နိုင်ငံသည် တန်ချိန် ၁ သန်းဖြင့်ပါဝင်ပြီး တောင်အာဖရိကနိုင်ငံသည် တန်ချိန် ၈၈၀, ၀၀၀၀၀ နှင့် အမေရိကန်ပြည်ထောင်စုသည် တန်ချိန် ၈၂၀,၀၀၀ ဖြင့် ဒုတိယနေရာတွင်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၄၉ ရာခိုင်နှုန်းတိုးလာကာ တန်ချိန် ၆၅၀,၀၀၀ ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်သည် ၂၀၂၅ ခုနှစ်၏ ဈေးကွက်အခြေအနေများကို ထင်ဟပ်စေသည့် စိန်ခေါ်မှုများစွာရှိသော နှစ်တစ်နှစ်ဖြစ်နေဆဲဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုတိုးလာရန် မျှော်လင့်ရသော်လည်း အင်ဒိုနီးရှားကဲ့သို့သော အဓိကမိတ်ဖက်များထံမှ ဝယ်လိုအားမှာမူ စားနပ်ရိက္ခာကိုယ့်အားကိုယ်ကိုးနိုင်မှုမူဝါဒများကြောင့် သိသိသာသာကျဆင်းသွားနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

အခြားအန္တရာယ်ရှိသောအချက်များတွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးမှု၊ ဘတ်ငွေအတက်အကျနှင့် သင်္ဘောတင်ဆောင်ခကုန်ကျစရိတ်များကို ထိခိုက်စေ သော ပထဝီနိုင်ငံရေးတင်းမာမှုများပါဝင်ကြောင်း၊ သို့သော်လည်း ဤတင်းမာမှုများသည် နိုင်ငံအချို့အား သွင်းကုန်များတိုးမြှင့်ရန် တွန်းအားပေးနိုင်ကြောင်း၊ ယခုနှစ်တွင် ဆန်တင်ပို့မှုလျာထားချက်ကို တန်ချိန် ၇ သန်းသတ်မှတ်ထားပြီး စားနပ် ရိက္ခာဖူလုံရေးအတွက် အရန်သိုလှောင်မှုများရှိပါကြောင်း၊ ယင်းရည်မှန်းချက်အောင်မြင်ရန်အတွက် ဦးစီးဌာနသည် ဂျပန်၊ တရုတ်၊ အမေရိကန်၊ ကနေဒါနှင့် တောင်အာဖရိကနိုင်ငံများရှိ အဓိကသွင်းကုန်လုပ်ငန်းရှင်များနှင့် ဆက်ဆံရေးမြှင့်တင်ရန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များစေလွှတ်ခြင်းအပါအဝင် ပုဂ္ဂလိကကဏ္ဍနှင့်အတူ လုပ်ငန်းအစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ပြီး တရုတ်နှင့် စင်ကာပူတို့နှင့် အစိုးရချင်းရောင်းချမှုများကို ဆက်လက်တွန်းအားပေးခဲ့ကြောင်း၊ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် အမေရိကန်တို့တွင် ပရီမီယံအထူးပြုဈေးကွက်များကို ချဲ့ထွင်ရန်အပြင် နိုင်ငံတကာကုန်စည်ပြပွဲများတွင် ထိုင်းဆန်ကိုပြသရန်၊ အသေးစားစွန့်ဦးတီထွင်သူ များအတွက် စီးပွားရေးလုပ်ငန်းတွဲဖက်မှုကို လွယ်ကူချောမွေ့စေရန်နှင့် လူငယ်မျိုးဆက်နှင့် ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများအကြား အသိပညာမြှင့်တင်ရန် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးကို အသုံးပြုရန်အစီအစဉ်များလည်းရှိပါကြောင်း Ms. Arada က ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News