International News

နယ်စပ်ဖြတ်ကျော်လျှပ်စစ်ကုန်သွယ်မှုကို တိုးချဲ့ရန်နှင့် အရှေ့တောင်အာရှ၏ သန့်ရှင်းသော စွမ်းအင်သို့ ပြောင်းလဲမှုကို အရှိန်မြှင့်တင်ရန်အတွက် ထိုင်း၊ လာအို၊ မလေးရှားနှင့် စင်ကာပူတို့အကြား စွမ်းအင်လုံခြုံရေးဆိုင်ရာ အထင်ကရစာချုပ်လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်း၊ လာအို၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ကုန်သွယ်မှုကို တိုးချဲ့ရန်နှင့် အရှေ့တောင်အာရှ၏ သန့်ရှင်းသောစွမ်းအင်သို့ ပြောင်းလဲမှုကို အရှိန်မြှင့်တင်ရန် အထင်ကရသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဒေသတွင်းစွမ်းအင်လုံခြုံရေးကို အားကောင်းစေရန် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “LTMS-PIP 2.0 boosts Asean power connectivity” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ယင်းသဘောတူညီချက်သည် ရှေ့ဆောင်ဘက်ပေါင်းစုံလျှပ်စစ်ကုန်သွယ်မှုအစီ အစဉ်တစ်ခုဖြစ်သည့် လာအို-ထိုင်း-မလေးရှား-စင်ကာပူလျှပ်စစ်ပေါင်းစည်းရေးစီမံကိန်း(LTMS-PIP)၏ဒုတိယအဆင့်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ "LTMS-PIP 2.0" ဟုအမည်ပေးထားသော ဤစီမံကိန်းသည် ဒေသတွင်းဓာတ်အားလိုင်းတည်ဆောက်ရန် အာဆီယံ၏ကြီးထွားလာနေသော အရှိန်အဟုန်ကို ထင်ဟပ်စေပါကြောင်း၊ ယင်းသည် ဒေသတွင်းနိုင်ငံများအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွင် မဟာဗျူဟာမြောက်တိုးတက်မှုကို ကိုယ်စားပြုပြီး နယ်စပ်ဖြတ်ကျော်လျှပ်စစ် ဓာတ်အားကုန်သွယ်မှုနှင့် ဒေသတွင်းအရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ပေးပါကြောင်း၊သဘောတူညီချက်အသစ်အရ လျှပ်စစ်ကုန်သွယ်မှုသည် ပထမအဆင့်တွင် မဂ္ဂါဝပ် ၁၀၀ မှ နှစ်နှစ်အတွင်း အများဆုံးမဂ္ဂါဝပ် ၂၀၀ အထိ နှစ်ဆတိုးလာရန် သတ်မှတ်ထားပါကြောင်း ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင် အဖွဲ့၏ အုပ်ချုပ်ရေးမှူး Narin Phoawanich က ပြောကြားခဲ့သည်။

လာအိုနိုင်ငံတွင် ထုတ်လုပ်သော ရေအားလျှပ်စစ်ဓာတ်အားကို စင်ကာပူရှိ သုံးစွဲသူ များထံသို့ ထိုင်းနှင့် မလေးရှားမှတစ်ဆင့် ပို့လွှတ်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး၊ ဓာတ်အားလိုင်းပြန်လည်ကောင်းမွန်လာစေရန်နှင့် အာဆီယံ၏ ကာဗွန်နည်းပါးသော စွမ်းအင်သို့ကူးပြောင်းမှုကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ၎င်းသည် ဒေသတွင်းအတွက် ပိုမိုသန့်ရှင်းပြီး ယုံကြည်စိတ်ချရသည် စွမ်းအင်အနာဂတ်ကို တည်ဆောက်ခြင်းနှင့်ပတ်သက်ပါကြောင်း၊ သဘောတူညီချက်သည် ဆယ်စုနှစ်တစ်ခုနီးပါးပူးပေါင်းဆောင်ရွက်မှုကို မြင်ရပါကြောင်း၊ LTMS-PIP ၏ပထမအဆင့်သည် လာအိုမှ စင်ကာပူသို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မဂ္ဂါဝပ် ၁၀၀ အထိတင်သွင်းခြင်းဖြင့် ဒေသတွင်းဓာတ်အားမျှဝေခြင်း၏ ဖြစ်နိုင်ခြေကို အောင်မြင်စွာသရုပ်ပြခဲ့ပြီး ပိုမိုကြီးမား သောအာဆီယံဓာတ်အားကွန်ရက်အတွက် အုတ်မြစ်ချပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပထမအဆင့်သည် နယ်စပ်ဖြတ်ကျော်အင်ဂျင်နီယာလုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းညှိနှိုင်းမှုနှင့် ဈေးကွက်ပေါင်းစည်းမှုကဲ့သို့သော အရေးကြီးသောအချက်များကို သက်သေပြခဲ့ပြီး ရလဒ်များအရ ဘက်ပေါင်းစုံလျှပ်စစ်ကုန်သွယ်မှုသည် လက်တွေ့တွင် အလုပ်ဖြစ်နိုင်ပါကြောင်း၊ လက်ရှိ အပြန်အလှန်ချိတ်ဆက်မှုများကို အသုံးချခြင်းဖြင့် ဤစီမံကိန်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးချရန်အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ အမျိုးသားဓာတ်အားလိုင်းများတစ်လျှောက် တည်ငြိမ်မှုနှင့် လုံခြုံရေးကို မြှင့်တင်ပေးနေစဉ်တွင် စီးပွားရေးတိုးတက်မှုကို မောင်းနှင်ပေးမည်ဖြစ်ကြောင်း Mr. Narin က သုံးသပ်ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားတင်သွင်းနေသော စင်ကာပူ၏စွမ်းအင်ဈေးကွက်အာဏာပိုင်က LTMS-PIP သည် ၂၀၃၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၄ ဂစ်ဂါဝပ်အထိတင်သွင်းမှုကိုတိုးမြှင့်ရန် ပိုမိုကျယ်ပြန့်သော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ယင်းအစီအစဉ်သည် မြို့ပြနိုင်ငံ၏ စွမ်းအင်ရောနှောမှုကို ပြောင်းလဲစေပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးနိမိတ်တစ်ခုချမှတ်ပေးနိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း စင်ကာပူ၏စွမ်းအင်ဈေးကွက်အာဏာပိုင်က ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News