ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီဈေးနှုန်းမြင့်မားနေခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့သူ များသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၏ ပထမ ၁၅ ရက်အတွင်း ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၃၃.၃ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။
အကောက်ခွန်ဦးစီးဌာန၏ ကနဦးအချက်အလက်များအရ အဆိုပါကာလအတွင်း ကော်ဖီ တန်ချိန် ၈၉,၀၀၀ ကျော်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပမာဏ ၂၀.၆ မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၈.၆ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကော်ဖီတင်ပို့မှုသည် ပင်လယ်စာတင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၇ သန်းကို ကျော်ဖြတ်ကာ ယခုနှစ်အတွင်း ဗီယက်နမ်၏ဒုတိယအများဆုံးစိုက်ပျိုးရေးထုတ်ကုန်ဖြစ်လာသည်။ ထိပ်တန်းပို့ကုန်မှာ သစ်သားနှင့် သစ်သားအခြေခံထုတ်ကုန်များဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၅၇ သန်းရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်ကော်ဖီတင်ပို့မှုသည် သိသိသာသာမြင့်တက်ကာ အမေရိကန် ဒေါ်လာ ၈.၉၂ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့သည်။ ၎င်းသည် ယခင်နှစ်ထက် ၅၈.၈ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး ပင်လယ်စာ၊ သစ်သားထုတ်ကုန်များနှင့်အတူ ထိပ်တန်းပို့ကုန်သုံးခုတွင် နေရာတစ်နေရာရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄-၂၀၂၅ သီးနှံနှစ်အတွက် ဗီယက်နမ်သည် ကမ္ဘာ့ကော်ဖီတင်ပို့မှုပမာဏ၏ ၁၈ ရာခိုင်နှုန်းသာရှိသော်လည်း ဗီယက်နမ်သည် ရိုဘတ်စတာကော်ဖီတင်ပို့မှုတွင် ဦးဆောင်နေဆဲဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရိုဘတ်စတာတင်ပို့မှု၏ ၄၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်၏ အဓိကကော်ဖီစိုက်ပျိုးရာဒေသဖြစ်သော အလယ်ပိုင်းကုန်းမြင့်ဒေသတွင် ရိတ်သိမ်းရာသီသည် တရွေ့ရွေ့နှင့်ကုန်ဆုံးနေပြီး ကော်ဖီစေ့စိမ်းများကို တစ်ကီလိုဂရမ်လျှင် ပျမ်းမျှ ၉၉,၁၀၀ ဒေါင်(ဒေါ်လာ ၄ ခန့်)ဖြင့် ဝယ်ယူလျက်ရှိပါသည်။ ၎င်းသည် ယခင်နှစ်ဈေးနှုန်းများဖြစ်သည့် တစ်ကီလိုဂရမ်လျှင် အမြင့်ဆုံး ၁၃၅,၄၀၀ ဒေါင်ထက် သိသိသာသာနိမ့်ကျသော်လည်း လယ်သမားများသည် တစ်ကီလိုဂရမ်လျှင် ၅၀,၀၀၀ ဒေါင်မှ ၆၀,၀၀၀ ဒေါင်(အမေရိကန်ဒေါ်လာ ၂ မှ ၂.၅ ဒေါ်လာခန့်) အမြတ်အစွန်းကို ရရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(VICOFA)၏အဆိုအရ ၂၀၂၅-၂၀၂၆ သီးနှံနှစ်အတွက် ဗီယက်နမ်၏ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သော တန်ချိန် ၁.၈ သန်းထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာရန် မျှော်လင့်ထားသည်။
ကမ္ဘာလုံးဆိုင်ရာ ကော်ဖီထုတ်လုပ်မှုအခြေအနေမှာ ပြန်လည်ကောင်းမွန်လျက်ရှိပြီး ကမ္ဘာ့ဘဏ်၏ ကုန်စည်ဈေးကွက်အလားအလာတွင် ကမ္ဘာလုံးဆိုင်ရာ ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အိတ် ၁၇၅.၄ သန်းမှ နောက်သီးနှံနှစ်တွင် အိတ် ၁၇၉ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။
ကမ္ဘာ့ဈေးကွက်တွင် မကြာသေးမီက ဈေးနှုန်းမြင့်တက်လျက်ရှိရာမှ ယခုအခါ ချိန်ညှိမှုနှင့်ပြန်လည်ဟန်ချက်ညီမှုအဆင့်သို့ ပြောင်းလဲလာသည်နှင့်အမျှ ဗီယက်နမ်၏ ကော်ဖီကဏ္ဍသည် ခံနိုင်ရည်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
သို့သော် VICOFA က ရာသီဥတုပြောင်းလဲမှု၊ထုတ်လုပ်မှုကုန်ကျစရိတ်များမြင့်တက်လာခြင်း၊ အခွန်ကောက်ခံမှုများနှင့် ထောက်ပံ့ရေးကွင်းဆက်ပွင်လင်းမြင်သာမှု အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားပါ သည်။
ကမ္ဘာလုံးဆိုင်ရာ ကော်ဖီဝယ်လိုအားသည် အထူးသဖြင့် ပရီမီယံနှင့် အထူးပြုကော်ဖီကဏ္ဍများတွင် အားကောင်းနေဆဲဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ဈေးနှုန်းများကျဆင်းဖွယ်ရှိသော်လည်း ယခင်လို အနိမ့်ဆုံးအဆင့်သို့ ပြန်မရောက်နိုင်ဟု မျှော်လင့်ရကြောင်းဖော်ပြထားပါသည်။
ကိုလံဘီယာ၏ ထုတ်လုပ်မှုပြန်လည်ကောင်းမွန်လာမှုကြောင့် ကမ္ဘာ့ဘဏ်က အာရေဗီကာကော်ဖီဈေးနှုန်းများသည် ၂၀၂၆ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းနှင့် ၂၀၂၇ ခုနှစ်တွင် နောက်ထပ် ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားသည်။ ရိုဘတ်စတာဈေးနှုန်းများသည်လည်း တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းခန့်ဖြည်းဖြည်းချင်းကျဆင်းဖွယ်ရာရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Source: https://wtocenter.vn/tin-tuc/29489-viet-nams-coffee-export-hits-433-million-in-just-15-days
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)