အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်(United States Trade Representative-USTR)အနေဖြင့် ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက် ဥပဒေပုဒ်မ ၃၀၁(Section 301 of the Trade Act of 1974)အရ အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ခြင်းနှင့် ထိရောက်စွာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ရန်ပျက်ကွက်မှုနှင့် ဆက်စပ်နေသော နိုင်ငံ/နယ်မြေ/အဖွဲ့အစည်း(၆၀)၏ ဆောင်ရွက်ချက်များသည် အမေရိကန်၏ကုန်သွယ်မှုကို ထိခိုက်စေ သည်ဟု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း USTR ရုံးက ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး(USTR)သည် အဓမ္မအလုပ်ခိုင်းစေမှုဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းခြင်းကို ဆောင်ရွက်သည်ဟုသတ်မှတ်ထားသည့် နိုင်ငံ/နယ်မြေ/အဖွဲ့အစည်း(၆၀)ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်စတင်ဆောင်ရွက်ခဲ့ပြီးနောက် ၎င်းတို့သည် အမေရိကန်၏ကုန်သွယ်မှုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး အကန့်အသတ်များဖြစ်စေသည့်အတွက် ကုန်သွယ်ရေးအက်ဥပဒေပုဒ်မ ၃၀၁(ခ)(၁)အရ အရေးယူဆောင်ရွက်နိုင်သော ကိစ္စရပ်ဖြစ်သဖြင့် အောက်ပါအတိုင်းဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်-
(က) နိုင်ငံ/နယ်မြေ/အဖွဲ့အစည်း(၅၄)ခုဖြစ်သည့် အယ်လ်ဂျီးရီးယား၊ အန်ဂိုလာ၊ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘဟားမားစ်၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကမ္ဘောဒီးယား၊ ချီလီ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီဂျစ်၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင် (တရုတ်)၊ အိန္ဒိယ၊ အီရတ်၊ အစ္စရေး၊ ဂျပန်၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကူဝိတ်၊ လစ်ဗျား၊ မလေးရှား၊ မော်ရိုကို၊ နယူးဇီလန်၊ နီကာရာဂွာ၊ နိုင်ဂျီးရီးယား၊ နော်ဝေ၊ အိုမန်၊ ပီရူး၊ ဖိလစ်ပိုင်၊ ကာတာ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ထိုင်း၊ ထရီနီဒတ်နှင့် တိုဘာဂို၊ တူကီယဲ၊ ယူအေအီး၊ ယူနိုက်တက်ကင်းဒမ်း၊ ဥရုဂွေး၊ ဗင်နီဇွဲလားနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် အဓမ္မအလုပ်ခိုင်းစေမှုဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းခြင်းကိုတားမြစ်ရန်နှင့် တားမြစ်ချက်ကို ထိရောက်စွာကျင့်သုံးရန် ပျက်ကွက်ခဲ့ကြောင်း၊
(ခ ) နိုင်ငံ/အဖွဲ့အစည်း(၆)ခုဖြစ်သည့် ကနေဒါ၊ အီကွေဒေါ၊ အင်ဒိုနီးရှား၊မက္ကဆီကို၊ ပါကစ္စတန်နိုင်ငံနှင့်ဥရောပသမဂ္ဂအနေဖြင့် အဓမ္မအလုပ် ခိုင်းစေမှုဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းခြင်းတားမြစ်ချက်ကို ထိရောက်စွာကျင့်သုံးရန် ပျက်ကွက်ခဲ့ကြောင်း၊
(ဂ ) ထို့ကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရသော နိုင်ငံ/နယ်မြေ/အဖွဲ့အစည်းအားလုံးသည် အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန် ပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ရန်နှင့် အဆိုပါတားမြစ်ချက်ကို ထိရောက်စွာကျင့်သုံးရန် ပျက်ကွက်ခဲ့ကြောင်း၊
(ဃ) အဆိုပါပျက်ကွက်မှုသည် အဓမ္မအလုပ်ခိုင်းစေမှုကို ဖယ်ရှားရန် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အားနည်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုကိုကျင့်သုံးသည့် ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်သက်သာစွာထုတ်လုပ်နိုင်ပြီး ကျင့်သုံးခြင်းမရှိသည့် ကုမ္ပဏီများအတွက် ဈေးကွက်အခြေအနေပျက်ပြားစေနိုင်ခြင်း၊ အမြတ်အစွန်းနည်းစေခြင်းနှင့် လက်ရှိအဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းမှုဆိုင်ရာ တားမြစ်ချက်များကို ရှောင်လွှဲရန် အထောက်အကူပြုခြင်းတို့ကြောင့် လျော်ကန်မှုမရှိကြောင်း၊
(င ) အဆိုပါပျက်ကွက်မှုသည် အမေရိကန်၏ ကုန်သွယ်မှုကိုလည်း ဝန်ထုပ်ဝန်ပိုး သို့မဟုတ် အကန့်အသတ်များဖြစ်စေကြောင်း။
USTR သည် ၎င်း၏ Federal Register အသိပေးချက်နောက်ဆက် တွဲ(က)တွင် ဖော်ပြထားသော ကင်းလွတ်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ စုံစမ်းစစ်ဆေးခံရသော နိုင်ငံ/နယ်မြေ/အဖွဲ့အစည်း (၆၀)၏ ထုတ်ကုန်အားလုံးအပေါ် ထပ်ဆောင်းအခွန်များကောက်ခံရန်အဆိုပြုထားကြောင်း၊ ယင်းသို့ကောက်ခံရာတွင် အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းမှုတားမြစ်ချက်ကို တစ်စိတ်တစ်ပိုင်းကျင့်သုံးထားသောနိုင်ငံများ သို့မဟုတ် အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်ချုပ်ဆိုထားသည့်နိုင်ငံများအပေါ် ထပ်ဆောင်းအခွန်(၁၀)ရာခိုင်နှုန်းကောက်ခံရန်နှင့် ကျန်နိုင်ငံများကို ထပ်ဆောင်းအခွန်(၁၂.၅)ရာခိုင်နှုန်းကောက်ခံရန် အဆိုပြုထားကြောင်းဖော်ပြထားပါသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အများပြည်သူအနေဖြင့် စာဖြင့်မှတ်ချက်ပြုရေးသားခြင်း(Written Comments)များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက် နောက်ဆုံးထားရေးသားပေးပို့ရန်နှင့် အများပြည်သူ၏ သဘော ထားကြားနာမှု(Public Hearing)ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
USTR ရုံးအနေဖြင့် အဆိုပါစုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်းသည့် အစီရင်ခံ စာအပြည့်အစုံကိုလည်း ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာ၏“အမေရိကန်ပို့ကုန်များသည် အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သောကုန် ပစ္စည်းများနှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နေရကြောင်း” ရေးသားဖော်ပြထားသည့် အပိုင်းတွင် မြန်မာနိုင်ငံမှဆန်ကို ဥပမာအဖြစ် အောက်ပါအတိုင်းထည့်သွင်းဖော်ပြထားကြောင်း တွေ့ရှိရပါသည်-
(က) စုံစမ်းစစ်ဆေးခြင်းခံရသော နိုင်ငံများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဆန်၊ မာလာဝီနိုင်ငံမှ ဆေးရွက်ကြီး သို့မဟုတ် တရုတ်နိုင်ငံမှ ဝါဂွမ်းတို့ကို တင်သွင်းခဲ့ပြီး တစ်ချိန်တည်းမှာပင် အဆိုပါကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံမှလည်း တင်သွင်းခဲ့ကြောင်း၊
(ခ ) Trafficking Victims Protection Reauthorization Act (TVPRA)၏ပြဋ္ဌာန်းချက်အရ ထုတ်ပြန်ထားသည့် ကလေးလုပ်သား သို့မဟုတ် အဓမ္မခိုင်းစေသည့် လုပ်သားဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများစာရင်း(List of Goods Produced by Child Labor or Forced Labor)တွင် မြန်မာနိုင်ငံမှဆန်ကို အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းအဖြစ် ၂၀၀၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ကြောင်း၊ ရရှိသောသတင်းအချက် အလက်များအရ စုံစမ်းစစ်ဆေးခြင်းခံရသော နိုင်ငံအများစုသည် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ဆန်ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းမှုရှိခဲ့ကြောင်း၊ ယင်းသို့ အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းမှုကြောင့် အမေရိကန်၏ ပို့ကုန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို သက်ရောက်စေကြောင်း၊
( ဂ ) ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကာလအတွင်း အဆိုပါစုံစမ်းစစ်ဆေးခြင်းခံရသောနိုင်ငံများထံသို့ အမေရိကန်နိုင်ငံမှ ဆန်တင်ပို့မှုပမာဏသည် (၂၄)ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယင်းကာလအတွင်း အဆိုပါနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုပမာဏသည် (၆၇၉) ရာခိုင် နှုန်းမြင့်တက်ခဲ့သည်ကိုတွေ့ရှိရကြောင်း။
အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံ/နယ်မြေ/အဖွဲ့အစည်း(၆၀)ကို ထပ်ဆောင်းသွင်းကုန်ခွန်ကောက်ခံရန်အဆိုပြုထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဓမ္မအလုပ်ခိုင်းစေမှုဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဥပမာဖြင့်ဖော်ပြရာတွင် မြန်မာနိုင်ငံမှဆန်ကို ထည့်သွင်းဖော်ပြထားခြင်းကြောင့် ယခုစုံစမ်းစစ်ဆေးခြင်းခံရသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုကို လျှော့ချရန် သို့မဟုတ် မြန်မာနိုင်ငံမှတင်သွင်းသည့် ဆန်များအပေါ် ပိုမိုစိစစ်မှုများပြုလုပ်ရန် ဖိအားတစ်ခုဖြစ်လာနိုင်ပါသည်။
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)