International News

ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပို့ကုန်များအတွက် လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးအတွက် အကောက်ခွန်လမ်းကြောင်းများထပ်တိုးဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တောင်းဆိုခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ သစ်သီးဆွတ်ခူးသည့်ရာသီအတွင်း တရုတ်နိုင်ငံသို့ တင်ပို့သည့် လုပ်ငန်းစဉ် ပိုမိုချောမွေ့စေရေးအတွက် အလုပ်လုပ်ချိန်များနှင့် အကောက်ခွန်လမ်းကြောင်းများထပ်တိုးဆောင်ရွက်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို တိုက်တွန်းထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်း ရေးမှူး Mr. Shi Yugang နှင့်တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့‌ကြောင်း၊ လာအို-ယူနန်လမ်းကြောင်းရှိ မိုဟန်စစ်ဆေးရေးဂိတ်၏ စွမ်းဆောင်ရည်မြှင့်တင်ရန် အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ပြီး အချိန်တိုးမြှင့်ရန်နှင့် ပို့ကုန်ဝယ်လိုအားမြင့်မားနေချိန်တွင် အကောက်ခွန်စစ်ဆေးရေးလမ်းကြောင်းများကို ထပ်တိုးဆောင်ရွက်ပေးရန်အဆိုပြုခဲ့ကြောင်း၊ဒူးရင်းပို့ကုန်များနှင့်စပ်လျဉ်း၍ Basic Yellow 2 ဆိုးဆေးအတွက် ကျပန်းစစ်ဆေးဆောင်ရွက်ခြင်းသည် ကြန့်ကြာမှုကို ဖြစ်စေပါကြောင်း၊ ယင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ဒူးရင်းသီးထွက်နှုန်းအမြင့်ဆုံးဖြစ်သည့် ဧပြီနှင့် မေလများတွင် မတင်ပို့မီ ကြိုတင်စစ်ဆေးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ဒူးရင်းသီးထွက်ရှိမှုကို တန်ချိန် ၁.၇၆ သန်းဖြင့် ၃၇ ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းထားပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ လေချူသီး၊ မင်းဂွတ်သီး၊ စွံပလွံသီးနှင့် ရေငန်းသီး(Salak)အပါအဝင် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များဝယ်ယူတင်သွင်းမှုကို မြှင့်တင်ရန်တိုက်တွန်းခဲ့ကြောင်း၊ ကနဦးသဘောတူညီချက်များရှိသောကြောင့် ဆန်တန်ချိန် ၂၈၀,၀၀၀ ဝယ်ယူမှုကိုလည်း အရှိန်မြှင့်တင်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထိုင်းတောင်သူများအတွက် အခွင့် အလမ်းများ တိုးချဲ့ရန် Guanlei ဆိပ်ကမ်းမှတစ်ဆင့် ကျွဲ၊ နွားအရှင်နှင့် အေးခဲအသားများကို တိုးမြှင့်တင်ပို့ရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏တောင်းဆိုမှုများကို ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ပြီး Guanlei ဆိပ်ကမ်းမှတစ်ဆင့် နယ်စပ်ကုန်သွယ်မှုနှင့် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ပြီး ကုန်သွယ်ရေးအတွက် အထောက်အကူပေးနိုင်မှုကို ပြသခဲ့ပါကြောင်း၊ ထိုင်း၊ တရုတ်၊ လာအိုနှင့် မြန်မာ နိုင်ငံတို့အကြား သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းဆောင်ရွက်မှုကို အားပေးခဲ့ပါကြောင်း၊ ပိုမိုခိုင်မာသော ကုန်သွယ်ရေးဆက်သွယ်မှုကိုမြှင့်တင်ရန် ဇွန်လအတွင်း ကူမင်းတွင်ကျင်းပမည့် ကုန်စည်ပြပွဲတွင် ထိုင်းကိုယ်စားလှယ်များကို ဖိတ်ခေါ်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

 ထိုင်းနှင့် ယူနန်အကြား ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလီယံရှိခဲ့ပြီး ရာဘာထုတ်ကုန်များ၊ သဘာဝရာဘာ၊ ကွန်ပျူတာများ၊ ဆက်စပ်ပစ္စည်းများ၊ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်များနှင့် ပလတ်စတစ်အလုံးများဖြစ် ကြောင်း၊ ထိုင်းနိုင်ငံသည် လျှပ်စစ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အိမ်အသုံးအဆောင်များ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ယူနန်မှတင်သွင်းခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News