ထိုင်းနိုင်ငံရှိ မော်တော်ကားထုတ်လုပ်သူများသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အခွန်မူဝါဒအသစ်များကြောင့် ပို့ကုန်အတွက် ရည်ရွယ်ထုတ်လုပ်မည့် မော်တော်ကားမော်ဒယ်လ်အသစ်များ ထုတ်လုပ်မှုကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
မော်တော်ကားအခွန်ကို မကြာမီကောက်ခံရန် ပြင်ဆင်နေကြောင်း ထရမ့်က မတ်လ ၂၄ ရက် နေ့တွင် ပြောကြားခဲ့ပြီး ဧပြီလ ၂ ရက်နေ့တွင် စတင်ကောက်ခံနိုင်သည်ဟု မီဒီယာများတွင် ဖော်ပြကြပါကြောင်း၊ ကုန်သွယ်ရေးမူဝါဒကြောင့် ထိုင်းနိုင်ငံ၏ကုန်သွယ်ရေးမိတ်ဖက်များသည် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်မော်တော်ကားများဝယ်ယူမှုကို လျှော့ချမှုကို ဖြစ်စေပါကြောင်း၊ နိုင်ငံအများစုသည် ထရမ်ထံမှ ပိုမိုရှင်းလင်းသော ကုန်သွယ်ရေးမူဝါဒကို စောင့်ဆိုင်းလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်လက မော်တော်ကားတင်ပို့မှုသည် အစီးရေ ၈၁,၃၂၃ စီးဖြင့် ၈.၃၄ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုနှစ် ပထမ(၂)လအတွင်း မော်တော်ကားပို့ကုန်သည် အစီးရေ ၁၄၃,၆၄၄ စီးဖြင့် ၁၈.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ မော်တော်ကား ရောင်းအားကျဆင်းရခြင်း၏ အခြားအချက်မှာ နိုင်ငံအချို့၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုထိန်းချုပ်ရန် ပိုမိုတင်းကျပ်သော လုပ်ထုံးလုပ်နည်းများကြောင့်ဖြစ် ကြောင်း ထိုင်းစက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Surapong Paisitpatanapong က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလအတွင်း ပြည်တွင်းမော်တော်ကားရောင်းအားသည်လည်း အစီးရေ ၄၉,၃၁၃ စီးဖြင့် ၆.၆၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အဓိကအချက်မှာ ဘဏ်များနှင့် မော်တော်ကားချေးငွေထုတ်ပေးသည့် ကုမ္ပဏီများ၏ ချေးငွေသတ်မှတ်ချက်များကို တင်းကျပ်လိုက်ခြင်းကြောင့် ဝယ်ယူသူများအနေဖြင့် မော်တော်ကားချေးငွေရရှိရန် ခက်ခဲခဲ့ကြောင်း၊ ယခုနှစ် ပထမ(၂)လအတွင်း ရောင်းအားသည် အစီးရေ ၉၇,၃၉၅ စီးဖြင့် ၉.၅၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ကျင်းပမည့် 46th Bangkok International Motor Show ၏ ဆွဲဆောင်နိုင်သော အရောင်းမြှင့်တင်ရေးများကြောင့် ရောင်းအားကို ဆွဲတင်နိုင်မည်ဟုမျှော်မှန်းထားပါကြောင်း၊ အသင်းအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများအတွက် ပစ်ကပ်ချေးငွေပေးရန် ရန်ပုံငွေ ဘတ် ၅ ဘီလီယံကို အစိုးရအဖွဲ့က ခွင့်ပြုပေးထားကြောင်း၊ အစီအမံသည် ပစ်ကပ်ရောင်းအားကို မည်မျှမြှင့်တင်ပေးနိုင်သည်ကို လအနည်းငယ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းဈေးကွက်ကိုမြှင့်တင်ရန် မော်တော်ကားချေးငွေများကို အာမခံပေးရန်အတွက် ဘဏ္ဍာရေးမဟုတ်သော အဖွဲ့အစည်းများကို ဆောင်ရွက်ခွင့်ပြုရန် အစိုးရကို တောင်းဆိုလိုကြောင်း Mr. Surapong က ဖြည့်စွက်ပြောကြားခဲ့သည်။
ရောင်းအားကျဆင်းမှုသည် ထုတ်လုပ်မှုကို လျှော့ချစေပါကြောင်း၊ ဖေဖော်ဝါရီလအတွင်း ထုတ်လုပ်မှုစုစုပေါင်းသည် အစီးရေ ၁၁၅,၄၈၇ စီးဖြင့် ၁၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုနှစ်ပထမ(၂)လအတွင်း မော်တော်ကားထုတ်လုပ်မှုသည် အစီးရေ ၂၂၂,၅၉၀ စီးဖြင့် ၁၉.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)