International News

ရိတ်သိမ်းကာလတွင် ဆူမားတြားမီးကြောင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများ စိုးရိမ်လျက်ရှိ

Last Updated:

ဆူမားတြားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုအရှိန်ပြင်းထန်လာသည့်အတွက် ဆီအုန်းစိုက်ပျိုးဧရိယာများတွင် လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေကာ ရိတ်သိမ်းကာလအတွင်း ထုတ်လုပ်မှုအနှောက်အယှက်ဖြစ်ပေါ်မည်ကို အင်ဒိုနီးရှားစားအုန်း ဆီလုပ်ငန်းများက စိုးရိမ်လျက်ရှိပါသည်။

ဆူးမားတြားအရှေ့အလယ်ပိုင်းရှိ Riau ပြည်နယ်တွင် ပျော့ဖတ်နှင့်စက္ကူထုတ်လုပ် သူဖြစ်သည့် April Group ၏ ဒုတိယညွှန်ကြားရေးမှူး Craig Tribolet က “ရှေ့ရက်သတ္တပတ်များတွင် မီးဘေးအန္တရာယ်တုန့်ပြန်ရေးအသင်းများသည် သတိအနေ အထားဖြင့် စောင့်ကြည့်လျက်ရှိပြီး မီးကူးစက်လောင်ကျွမ်းမှုကို တားဆီးရန်နှင့် စိုက်ပျိုးဧကများ၊ ထိန်းသိမ်းဧရိယာများ၊ အနီးအနားရှိရွာများကိုကာကွယ်ရန်အတွက် ဒေသခံပြည်သူလူထု၊ အစိုးရအာဏာပိုင်အဖွဲ့များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

Riau ပြည်နယ်သည် အင်ဒိုနီးရှားနိုင်ငံ၏အကြီးဆုံးဆီအုန်းစိုက်ပျိုးဒေသများအနက် တစ်ခုဖြစ်ပြီး တောမီးသည် ပြည်နယ်အနှံ့အပြားပျံ့နှံ့လာသည့်အတွက် အရေးပေါ်အခြေအနေကြေညာထားပါသည်။ မီးလောင်ကျွမ်းမှုအရှိန်မြင့်တက်လာသော်လည်း အင်ဒိုနီးရှား စားအုန်းဆီအသင်းက Riau ပြည်နယ်ရှိ ၎င်း၏အသင်းဝင်များ၏ စိုက်ခင်းများမှာ ထိခိုက်မှုမရှိကြောင်းအတည်ပြုထားပါသည်။ အင်ဒိုနီးရှားစားအုန်း ဆီအသင်းဥက္ကဋ္ဌ Eddy Martono က ကုမ္ပဏီများသည် သတိအနေအထားဖြင့် စောင့်ကြည့်လျက်ရှိပြီး ပူပြင်းခြောက်သွေ့ရာသီအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း၊ ပူပြင်းခြောက်သွေ့ရာသီတိုင်းတွင် အဖွဲ့ဝင်ကုမ္ပဏီများထံသို့ သတိပေးစာများပေးပို့ကြောင်း၊ တောမီးသည် အဖွဲ့ဝင်ကုမ္ပဏီများ၏ စိုက်ခင်းနေရာများနှင့် အလှမ်းဝေးသော်လည်း အန္တရာယ်ရှိနိုင်မှုမြင့်ကြောင်းကို အသိပေးထားကြောင်း”  ပြောကြားခဲ့ပါသည်။

လေ့လာဆန်းစစ်သူများက မီးသည် ဆီအုန်းစိုက်ပျိုးဧရိယာများသို့ ပျံ့နှံ့လာပါက စားအုန်းဆီထုတ်လုပ်မှုကျဆင်းနိုင်ကြောင်း သုံးသပ်ကြပါသည်။ BMI ၏ သီးနှံများလေ့လာသုံးသပ်သူ Matthew Biggin က “ဇူလိုင်လသည် ထုတ်လုပ်မှုအမြင့်ဆုံးလဖြစ်သည့်အတွက် အရေးကြီးသည့်လဖြစ်ကြောင်း၊ မီးနှင့်အပူတို့ကြောင့် ပျက်စီး ဆုံးရှုံးမှုသည် စားအုန်းဆီထုတ်လုပ်မှုနှင့်ဈေးကွက်သို့ ပေးသွင်းနိုင်မှုအပေါ် သက်ရောက်မှုကြီးမားနိုင်ကြောင်း၊ မီးနှင့် မြူခိုးများသည် ရိတ်သိမ်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ထိခိုက်နိုင်ပြီး ရေတိုကာလတွင် ဈေးကွက်သို့ ပေးသွင်းနိုင်မှုလျော့ကျနိုင်ကြောင်း၊ သို့ရာတွင် မလေးရှားနိုင်ငံ၏ ဆီအုန်းထုတ်လုပ်မှုသည် ဈေး ကွက်အပေါ် သက်ရောက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ BMI က ၂၀၂၅-၂၀၂၆ ရာသီတွင် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ တန်ချိန် ၈၀.၆ သန်းရှိမည်ဟု ခန့်မှန်းထားပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News