International News

ဖိလစ်ပိုင်နိုင်ငံ၏ပြည်ပငွေလွှဲဝင်ရောက်မှုသည် ကျောင်းဖွင့်ရာသီဖြစ်သည့်ဇူလိုင်လတွင် အမြင့်ဆုံးဖြစ်ခဲ့

Last Updated:

ဖိလစ်ပိုင်ပြည်ပအလုပ်သမား(Oversea Filipinos Workers–OFWs)များမှ ငွေလွှဲပေးပို့မှုသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက အမေရိကန်ဒေါ်လာ ၃.၁၈ ဘီလီယံအထိရောက်ရှိခဲ့ပြီး ဇန်နဝါရီလမှ ဇူလိုင်လ အထိ ၇ လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက အမေရိကန် ဒေါ်လာ ၃.၀၈ ဘီလီယံရရှိခဲ့ခြင်းဖြစ်သဖြင့် နှိုင်းယှဉ်မည်ဆိုပါက ၃% မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားပါသည်။

လွှဲပို့ငွေများအနက် သင်္ဘောသားငွေလွှဲပေးပို့မှု Sea-based OFWs  များထံမှ လွှဲပို့ငွေသည် Land-based OFWs များထံမှ လွှဲပို့ငွေထက် ပိုမိုမြင့်မားသည်ကို တွေ့ရှိရပါကြောင်း ၁၅-၉-၂၀၂၅ ရက်နေ့က ဖိလစ်ပိုင်ဗဟိုဘဏ်မှထုတ်ပြန်သည့် အစီရင်ခံ စာတွင် ဖော်ပြထားပါသည်။ Land-based OFWs များထံမှ လွှဲပို့ငွေသည် အမေရိကန်ဒေါ်လာ ၂.၅၉ ဘီလီယံရှိခဲ့ပြီး Sea-based OFWs များ၏ လွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၅၈၅ သန်းခန့်သာရှိခဲ့သော်လည်း အဆိုပါပမာဏသည် လျင်မြန်သော နှုန်းထားဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၃.၁% ထိတိုးမြင့်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၅ ခုနှစ်၊ ပထမ ၇ လတာကာလအတွင်း စုစုပေါင်းပြည်ပငွေလွှဲဝင်ရောက်မှု သည် အမေရိကန်ဒေါ်လာ ၁၉.၉၃ ဘီလီယံထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၁% မြင့်တက်ခဲ့ပါကြောင်းနှင့် ဗဟိုဘဏ်မှ ခန့်မှန်းတွက်ချက်ထားသည့် တစ်နှစ်ပတ်လုံးစာလွှဲပို့ငွေစုစုပေါင်းပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၃၅.၅ ဘီလီယံ၏ ၅၆.၁% ထိရရှိထားခဲ့ပြီးဖြစ်ပါသည်။ ဇူလိုင်လကုန်အထိ ပြည်ပငွေလွှဲဝင်ရောက်မှုမှာ အမေရိကန်နိုင်ငံမှ ၄၀.၃%၊ စင်ကာပူနိုင်ငံမှ ၇.၁%၊ ဆော်ဒီအာရေဗျနိုင်ငံမှ ၆.၂%၊ ဂျပန်ုနိုင်ငံမှ ၅% နှင့် ယူကေနိုင်ငံမှ ၄.၈% အသီးသီးဖြစ်ပါသည်။

ပြည်ပငွေလွှဲဝင်ရောက်မှုအများဆုံးမှာ အမေရိကန်အခြေစိုက်ဘဏ်များနှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများမှဖြစ်သည်ကိုတွေ့ရှိရသဖြင့် အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ပြည်ပငွေလွှဲများအတွက် အဓိကငွေလွှဲဝင်ရောက်ရာအရင်းအမြစ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ်မှထုတ်ပြန်ထားပါသည်။ ထို့ပြင် ပြည်ပငွေလွှဲများတိုးမြှင့်ဝင်ရောက်ခြင်းအနက် ကိုယ်ရေးကိုယ်တာအတွက် ငွေလွှဲပေးပို့မှု (Personal Remittance)သည် အဓိကမောင်းနှင်အားတစ်ခုအဖြစ် ပါဝင်လျက်ရှိပါကြောင်း၊ Personal Remittance  ပမာဏသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၃.၄၃ ဘီလီယံ ရှိရာမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၅၃ ဘီလီယံထိရရှိခဲ့သဖြင့် ၃.၁% မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင် လအထိ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁.၅၃ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂.၂၁ ဘီလီယံထိရရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ ဇူလိုင်လအတွင်း Personal Remittance မြင့်တက်ခဲ့ရခြင်းမှာ ကျောင်းဖွင့်သည့်ရာသီဖြစ်သဖြင့် မိသားစုများအနဖြင့် ကျောင်းလခများနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများဝယ်ယူရာတွင် သုံးစွဲနိုင်ရန်လွှဲပို့ပေးကြခြင်းကြောင့် မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ ကျောင်းဖွင့်ကာလအပြင် ပြည်ပလွှဲပို့ငွေမြင့်တက်ရခြင်းအကြောင်းအချက်မှာ ဒေါ်လာငွေကြေးတန်ဖိုးပိုမိုခိုင်မာအားကောင်းလာခဲ့ခြင်းနှင့် Sea-based OFWs များ၏ ၂၀၂၅ ခုနှစ်အတွင်း အလုပ်အကိုင်ရရှိမှုမြင့်တက်လာခြင်းတို့ကြောင့်လည်း ဖြစ်ပါသည်။

မည့်သို့ပင်ဖြစ်စေ OFWs များ၏ ပြည်ပငွေလွှဲပေးပို့မှုသည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွား ရေးအတွက် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ အိမ်ထောင်စုများအတွက်လည်း ကျောထောက်နောက်ခံအကြောင်းအချက်တစ်ခုအနေဖြင့် အရေးပါလျက်ရှိနေပါကြောင်း ဖော်ပြပါရှိပါ သည်။

Source: https://mb.com.ph/2025/09/15/remittances-hit-seven-month-high-in-july-driven-by-school-season

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့) 

Category: International News