ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ဟိုပုံး၊ ဟဲဟိုး၊ ပင်းလောင်း၊ နောင်တရား ဒေသများတွင် အာလူးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်အနေဖြင့် အာလူးစိုက်ဧကမှာ(၅၀၀၀၀)ကျော် စိုက်ပျိုး၍ ပြည်တွင်းအာလူးစားသုံးမှု ဖူလုံစေရန် စိုက်ပျိုးထုတ်လုပ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ အဓိကစိုက်ပျိုးသည့် မျိုးများအနေဖြင့် နယ်သာလန်နိုင်ငံမှမျိုး၊ တရုတ်မျိုး တို့ကိုအဓိကစိုက်ပျိုးလျက်ရှိပြီး ဒေသတွင်းမျိုးလိုအပ် ချက်အနေဖြင့် တစ်နှစ်ပတ်လုံးအတွက် တန်ချိန် ၉ သောင်းကျော်ခန့် လိုအပ်သည့်အတွက် ဒေသတွင်း အာလူးစိုက်တောင်သူများစုပေါင်း၍ အများပိုင်ကုမ္ပဏီများထူ ထောင်၍ အအေးခန်းစက်ရုံများတည်ဆောက်ပြီး မျိုးလိုအပ်ချက်ကို ဖြည်းဆည်းလျက်ရှိပါသည်။
အောင်ပန်း၊ ဟဲဟိုး၊ နောင်တရား၊ ဟိုပုံးနှင့် ပင်းတယမြို့နယ်များတွင် လက်ရှိအအေးခန်း စက်ရုံ(၆)ရုံ၊ အအေးခန်းကွန်တိန်နာ(၈)လုံးတို့ဖြင့် တန်ချိန်(၉၀၀၀)ကျော်ကို မျိုးအတွက်သိုလှောင်ခြင်း၊ အာလူးအထွက်များချိန်တွင် ဈေးကွက်ထိန်းညှိနိုင်ရန်အတွက် ခေတ္တသိုလှောင်ခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ အာလူးစိုက်ပျိုးမှုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် အာလူးအအေးခန်းစက်ရုံများဖြင့် ခေတ်မီသိုလှောင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ခဲ့အတွက် တောင်သူအများပိုင်အစုအဖွဲ့ကုမ္ပဏီများ ထပ်မံထူထောင်၍ ဟဲဟိုးမြို့တွင် တန်(၂၀၀၀)၊ အောင်ပန်းမြို့တွင် တန်(၃၀၀၀) ခေတ်မီအအေးခန်းသိုလှောင်ရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိပါသည်။
ဒါ့အပြင် အာလူးအစုအဖွဲ့များနှင့် သက်ဆိုင်တဲ့ဌာနတို့ပူးပေါင်းပြီး တစ်ရှုးကာချာမျိုးပွားနည်းဖြင့် ဒေသနဲ့ကိုက်ညီတဲ့မျိုးများရရှိဖို့အတွက် ဆောင်ရွက်လျက်ရှိပြီး တောင်သူများစမ်းသပ်စိုက်ပျိုးသည့် အဆင့်သို့ရောက်ရှိတဲ့အတွက်မကြာခင်မှာ ပြည်ပကအာလူးမျိုးတင်သွင်းမှုကိုလျော့ချသွားနိုင်မှာ ဖြစ်ကြောင်းသိရှိရပါတယ်။အအေးခန်းစက်ရုံအသစ်များကို တောင်သူများစုပေါင်း၍ ၎င်းတို့၏ အစုရှယ်ယာများဖြင့် တည်ဆောက်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုအတွက် အရည် အသွေးပြည့်ဝပြီး စားနပ်ရိက္ခာဖူလုံနိုင်ခြင်း၊ ကုန်သည်နှင့် တောင်သူများပူးပေါင်း၍ ဝယ်လိုအား၊ ရောင်းလိုအား ထိန်းညှိနိုင်ခြင်း၊ အာလူးကဏ္ဍတွင်ပါဝင်ပတ်သက်သူများ စီးပွားအကျိုးဖြစ်ထွန်းစေခြင်း၊ စိုက်ပျိုးအာလူးလိုအပ်ချက်အတွက် သိုလှောင်နိုင်ခြင်းနှင့် ဈေးကွက်မျှတစွာရရှိနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း အာလူးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
ရှမ်းပြည်နယ်၌ အာလူးစိုက်ပျိုးမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဒေသတွင်းစားသုံးမှုဖူလုံစေရန်နှင့် တိုးတက်လာဖို့အတွက် မျိုးကောင်းမျိုးသန့်များရရှိရေး၊ နည်းပညာလိုအပ်ချက်များကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။