Local News

အောင်ပန်းပွဲရုံများမှ ဇွန်လအတွင်း စိုက်ပျိုးရေးထွက်ကုန်များစီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

Last Updated:

   ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စိုက်ပျိုးထုတ်လုပ်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ သစ်သီးဝလံများနှင့် ပန်းမန်များကို အောင်ပန်းမြို့ရှိပွဲရုံများမှတဆင့် မြန်မာတစ်နိုင်ငံလုံး တင်ပို့ဖြန့်ချီမှုအနေဖြင့် ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာဆိုရင် ဟင်းသီးဟင်းရွက်များဖြစ်သည့် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ရွှေပဲ၊ မုန်ညှင်း၊ ဖရုံသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ မုန်လာဥနီ၊ ဘိုစားပဲ စသည့်သီးနှံများ  အနေဖြင့် ကုန်ချိန်ပိဿာ (၃၂)သိန်းကျော်၊ စားဖိုဆောင်သီးနှံများမှ ကြက်သွန်ဖြူ ကုန်ချိန်ပိဿာ (၁၈)သိန်းကျော်၊ ချင်းနှင့် နနွင်းမှာ ကုန်ချိန်ပိဿာ (၆)သိန်းကျော်ခန့်ကို အောင်ပန်းပွဲရုံများမှ မြန်မာတစ် နိုင်ငံလုံးသို့ တင်ပို့နိုင်ခဲ့ပြီး ပြည်ပပို့ကုန် ပြောင်းဖူးစေ့အနေဖြင့် ကုန်ချိန်ပိဿာ (၆၇)သိန်းကျော်ကို ရန်ကုန်မြို့သို့တင်ပို့ခဲ့ပါသည်။

   ဈေးကွက်ဈေးနှုန်းအနေဖြင့် ပြောင်းသီးနှံမှာ ဇွန်လအတွင်း ပြည်ပဝယ်လိုအားကောင်းပြီး ရန်ကုန်ဈေးကွက်မှ အဆွဲများသဖြင့် ပြောင်းဈေးအနေဖြင့် ယခင် တစ်ပိဿာလျှင်(၁၅၅၀)ကျပ်မှ ယခုအခါ (၁၅၈၅) ကျပ်ခန့် ဈေးမြင့်တက်ခဲ့ပါသည်။

   ကြက်သွန်ဖြူနှင့် အာလူးမှာ ဈေးနှုန်းတည်ငြိမ်ပြီး ဈေးကွက်အဝင်နည်းမှုကြောင့် စီးဆင်းမှုမှာ ပုံမှန်အတိုင်းဖြစ်ပေါ်ခဲ့ပါသည်။ ချင်းအနေဖြင့် ဥမပေါ်ချိန်ဖြစ်တဲ့အတွက် (၁၅၀၀ မှ ၂၅၀၀)ကျပ် ဈေးသာရှိပြီး ပြည်တွင်းသုံးသာ အဆွဲများခဲ့ပါသည်။ နနွင်းအနေဖြင့် ပြည်တွင်းဈေးကွက်မှ ပုံမှန်ဝယ်ယူမှုရှိတဲ့အတွက် တစ်ပိဿာလျှင် (၁၀၀၀၀ မှ ၁၄၄၀၀)ကျပ် ရှိပြီး တင်ပို့မှုများခဲ့ပါသည်။

   ကုန်စိမ်းသီးနှံများအနေဖြင့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များမှာ ဇွန်လအစပိုင်းတွင် ဈေးနှုန်းကျဆင်းခဲ့၍ ဇွန်လကုန်ပိုင်းတွင် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုမှာ ခရမ်းချဉ်သီးအနေဖြင့် (၁၅၀၀ မှ ၂၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်မှာ (၅၀၀ မှ ၁၀၀၀)ကျပ် ရှိခဲ့ပြီး အခြားကုန်စိမ်းသီးနှံများမှာ အောက်ပိုင်းဒေသများမှ စိုက်ပျိုးထွက်ရှိချိန်ဖြစ်ခြင်း၊ သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် စီးဆင်းမှုမှာ ယခင်လအောက်လျော့နည်းခဲ့ပါကြောင်း သိရှိရပါသည်။

Category: Local News