Local News

မတ်ပဲဈေးဆက်တက်နေ

Last Updated:

ပြည်တွင်းမတ်ပဲဈေးနှုန်းများ ဆက်လက်တက်နေပြီး မတ်ပဲတစ်တင်းဈေးနှုန်း ကျပ် ၁ သိန်း နီးပါးအထိ ရောက်ရှိလာကြောင်းတွေ့ရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တစ်ပတ်အတွင်းမတ်ပဲဈေးနှုန်းများမှာ ဇန်နဝါရီလ ၃ ရက် နေ့တွင် ၁ တင်းဈေးနှုန်း ကျပ် ၉၆၇၀၀၊ ၄ ရက်နေ့တွင် ကျပ် ၉၆၅၀၀၊ ၅ ရက်နေ့တွင် ကျပ် ၉၆၇၀၀၊ ၆ ရက်နေ့တွင် ကျပ် ၉၆၇၀၀၊ ၈ ရက်နေ့တွင် ကျပ် ၉၈၀၀၀၊ ၉ ရက်နေ့တွင် ကျပ် ၉၉၀၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၉၈၅၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အဓိကဝယ်လက်ဖြစ်သည့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအပြင် ဘရာဇီးနိုင်ငံကဲ့သို့ အခြားသောနိုင်ငံများမှ မတ်ပဲများဝယ်ယူတင်သွင်းလျက်ရှိသော်လည်း မြန်မာမတ်ပဲအရည်အသွေး ကောင်းမွန်ခြင်း၊ အရေအတွက်အမြောက်အများရရှိနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ အဓိကဝယ်ယူ တင်သွင်းလျှက်ရှိရာ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ မတ်ပဲနှင့် ပဲစင်းငုံကို လွတ်လပ်စွာတင်သွင်းနိုင် ကြောင်း ကာလတိုးမြှင့်သတ်မှတ်ခဲ့သည်။

ပြီးခဲ့သည့် မတ်ပဲစိုက်ပျိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၏ ရာသီဥတုဖောက်ပြန်မှုများကြောင့် မတ်ပဲအပါအဝင် ပဲမျိုးစုံအထွက်နှုန်းများ မျှော်မှန်းသလောက် မထွက်ရှိခဲ့သဖြင့် ပဲလိုအပ်ချက် များပြားလျက်ရှိပြီး ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မြန်မာမတ်ပဲ တန်ချိန် ၁ သန်းနှင့် မြန်မာပဲစင်းငုံတန်ချိန် ၄ သိန်း အထိတိုးချဲ့ဝယ်ယူရန်ရှိကြောင်း ပြည်ပစီးပွားရေးသတင်းဌာနများက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားနေခြင်း၊ မြန်မာပြည်တွင်း ပဲလက်ကျန်နည်းပါးလာခြင်း တို့ကြောင့် ယခုနှစ် နှစ်ဦးပိုင်းမှာပင် မတ်ပဲနှင့် ပဲစင်းငုံအပါအဝင် ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်လျက် ရှိကြောင်းတွေ့ရှိရပြီး မတ်ပဲနှင့်ပဲစင်းငုံများ ပြည်တွင်းဈေးကွက်သို့ အလုံးအရင်းဖြင့် ဝင်ရောက် လာချိန် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ လများအတွင်း မတ်ပဲဈေးနှုန်းများ အနည်းငယ်ပြန်လည် ကျဆင်းနိုင်သော်လည်း ၁ တင်းဈေးနှုန်း ကျပ် ၉ သောင်းဝန်းကျင် ဆက်လက်ရှိနေနိုင်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်များထံမှ သိရှိရပါသည်။

 

ဧရာကုန်သွယ်မြှင့်

Category: Local News