Local News

မတ်ပဲဈေးအနည်းငယ်ပြန်ကျ

Last Updated:

ယခင်နှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ မတ်ပဲ ၁ တင်းလျှင် ကျပ် ၉ သောင်းခွဲ အထက် သို့ရောက်ရှိကာ ယခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ကျပ် ၁ သိန်းနားကပ်သည်အထိ ဈေးတက်လာ ပြီးနောက် ယခုသီတင်းပတ်အတွင်း မတ်ပဲဈေးနှုန်းအနည်းငယ်ပြန်ကျလာကြောင်း တွေ့ရသည်။

ယခုသီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်း များမှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ  မတ်ပဲ ၁ တင်းလျှင် ကျပ် ၉၈၅၀၀၊ ၁၅ ရက် နေ့တွင် ကျပ် ၉၇၃၀၀၊ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ကျပ် ၉၆၅၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အဓိကဝယ်လက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ဇန်နဝါရီ ၁၃ အထိ ပဲခွဲစက်များ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် မတ်ပဲဈေးတက်လာခဲ့ပြီး မြန်မာမတ်ပဲတင်ပို့မှုအကန့်အသတ်နှင့် အိန္ဒိယပြည်တွင်းမတ်ပဲထွက်ရှိမှုလျှော့ကျခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် ချနိုင်းဆိပ်ကမ်း တွင် မြန်မာမတ်ပဲအဝင် ပုံမှန်သာရှိပြီး ပဲခွဲစက်များက မြန်မာမတ်ပဲထက် ချနိုင်းနှင့် အန်ဒရာပရာဒက်ချ် ပြည်နယ်ထွက်မတ်ပဲများကို ပိုမိုဝယ်လိုအားရှိနေကြောင်းနှင့် လာမည့် သီတင်းပတ်အတွင်း မတ်ပဲဈေးနှုန်းအတက်အကျ ခြားနားချက်သည် ၁ ကွမ်တယ်လျှင် Rs 100-200 ဝန်းကျင်ရှိနိုင်ကြောင်း IPGA ကထုတ်ပြန်ထားပါသည်။

မြန်မာမတ်ပဲဈေးကွက်တွင် မတ်ပဲအသစ်များဈေးကွက်အတွင်းဆက်လက် ဝင်လာနေပြီ ဖြစ်သဖြင့် ဈေးအနည်းငယ်ပြန်ကျလာခြင်းဖြစ်သော်လည်း ဈေးအလွန်အမင်းကျဆင်းနိုင်ခြင်း မရှိ ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်များထံမှ သိရှိရပါသည်။

ဧရာကုန်သွယ်မြှင့်

Category: Local News