ဈေးကွက်ဈေးနှုန်း

“China- Myanmar (Yangon) Trade Fair 2019” ကျင်းပပြီးစီး

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးတို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမကြီးပေါ်ရှိ Myanmar Expo Hall (Fortune Plaza) တွင် “China- Myanmar (Yangon) Trade Fair 2019” ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဖက်မှ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးမြင့်သောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်စိုး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ၊ ဉီးဇော်မင်းဝင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့တက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဉီးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံဖက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးကောင်စစ်ဝန် Mr. Xie Guoxiang၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံး ဒုတိယအတွင်းရေးမှူးချုပ် Mr. Zeng Zhong၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံး ဒုတိယအတွင်းရေးမှူးချုပ်နှင့် Guangxi International Expositions Group Co., Ltd. ဒုတိယအထွေထွေမန်နေဂျာ Ms. Xiong Zhilin၊ China Enterprises Chamber of Commerce in Myanmar (CECCM) ဥက္ကဌ Mr. Liu Ying တို့ အသီးသီးတက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးကောင်စစ်ဝန် Mr. Xie Guoxiang ကိုယ်စား တာဝန်ရှိသူတစ်ဉီးကလည်းကောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံး ဒုတိယအတွင်းရေးမှူးချုပ် Mr. Zeng Zhong တို့က အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီး ဖွင့်ပွဲအခမ်းအနားကို မွန်းလွဲ ၄ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ပြပွဲဒုတိယနေ့တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအတွက်  B2B Business Matching ကိုလည်းကောင်း၊ ပြပွဲသို့လာရောက်သော တရုတ်ကုန်သည်လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြို့သာစက်မှုဇုံမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။

ပြပွဲတွင် မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ထုပ်ပိုးရေးစက်ကိရိယာများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ အထွေထွေသုံးစက်ကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ နေ့စဉ်သုံးလူသုံးကုန်ပစ္စည်းများနှင့် အစားအသောက်များစသည့် တရုတ်နိုင်ငံမှ နာမည်ကြီးကုန်အမှတ်တံဆိပ်တရုတ်ကုမ္ပဏီ (၄၅) ခုမှ ပြခန်းပေါင်း (၅၄) ခု၊ မြန်မာကုမ္ပဏီ (၂၂) ခုမှ ပြခန်းပေါင်း (၂၄) ခန်းအပါအဝင် စုစုပေါင်း ပြခန်း (၇၆) ခန်းပါဝင်ပြသခဲ့ကြောင်း သိရပါသည်။