Local News

မကွေးတိုင်းဒေသထွက် နတ်ရေကန်တောင်ကော်ဖီ

Last Updated:

မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဒေသဖြစ်သော်လည်း မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ တောင်ပေါ်ဒေသဖြစ်သော နတ်ရေကန်တောင်တွင် ကုန်းမြင့်ကော်ဖီမျိုးကို စိုက်ပျိုးအောင်မြင်နေ ကြောင်း သိရှိရသည်။ တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ရာသီဥတုကောင်းမွန်သဖြင့် ကော်ဖီ အပြင် အခြားသီးနှံများလည်း စိုက်ပျိုးအောင်မြင်နေကာ ကော်ဖီသီးနှံကို သီးညှပ်အဖြစ် အခြားသီးနှံ များနှင့်အတူ ရောကာစိုက်ပျိုးကြပါသည်။ ကော်ဖီပင်သည် အပူကိုကြောက်သည့် အပင်မျိုးဖြစ်သည့်အတွက် ကော်ဖီပင်မစိုက်ပျိုးမီ အရိပ်ရပင်များကို ဦးစွာစိုက်ပျိုးရပြီး အရိပ်ရပင်များ အရိပ်ရလာမှသာ တစ်နှစ်သားကော်ဖီပျိုးပင်ကို စိုက်ပျိုးရပါသည်။ ၅နှစ်သားရှိပါက အသီးသီးကာ ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ပါသည်။ ဒီဇင်ဘာလမှ စတင်ခူးဆွတ်ရကာ ဖေဖေါ်ဝါရီလအထိ ခူးဆွတ်ရပါသည်။ နတ်ရေကန်တောင်ကော်ဖီ စိုက်ပျိုး ရာတွင် မြေသြဇာအနေဖြင့် သဘာဝမြေသြဇာကိုသာ အသုံးပြုစိုက်ပျိုးခြင်းဖြစ်၍ သြဂဲနစ်သီးနှံ လည်းဖြစ်ပါသည်။ နတ်ရေကန်တောင်တွင် အာရေဗီးကားကော်ဖီမျိုးကို (၂၉)ဧကစိုက်ပျိုးထားပြီး တစ်နှစ်လျှင် ကော်ဖီမျိုးစေ့ (၃.၂၆)တန်ထွက်ရှိကာ ထွက်ရှိလာသော ကော်ဖီများကို ထိုင်း၊ တရုတ်နှင့် မလေးရှား နိုင်ငံများရှိ မြန်မာများမှ အမှာများရှိပါက တင်ပို့ရောင်းချရပြီး ပြည်တွင်းတွင်  နတ်ရေကန်တောင် ပေါ်ဒေသထွက်ကော်ဖီအမည်ဖြင့် အသင့်သောက်ကော်ဖီထုပ်များ ထုတ်လုပ်ကာ နေပြည်တော်၊ ရန်ကုန်၊  ပြင်ဦးလွင်နှင့် မကွေးမြို့များသို့ အဓိကတင်ပို့ရောင်းချရပြီး ကျန်ဒေသများကိုလည်း အမှာရှိပါက တင်ပို့ရောင်းချရပါသည်။  ကော်ဖီစေ့စျေးနှုန်းအနေဖြင့် အရည်အသွေးပေါ်မူတည်ပြီး တစ်ကီလိုလျှင် (၁၂၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်အထိ စျေးရရှိနေကြောင်း နတ်ရေကန်တောင် ကော်ဖီခြံမှသိရှိရပြီး ကော်ဖီစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးသည့်ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးပြီးပါကလည်း နှစ်စဉ်ခူးဆွတ်ရသည့် ကော်ဖီသီးနှံအား ရာသီနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များရွေးချယ်ကာ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News