Local News

ကြက်သွန်နီစျေးနှုန်းစျေးကွက်အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကို ပခုက္ကူနှင့်ဆိပ်ဖြူမြို့နယ်တို့တွင် အဓိကစိုက် ပျိုးပြီး ရေစကြို၊ ပေါက်၊ ရေနံချောင်း၊ မြို့သစ်၊ တောင်တွင်းကြီးနှင့် မင်းဘူးမြို့နယ်များရှိ ချောင်းနံဘေးများတွင် ချောင်းကြက်သွန်နှင့် ကုန်းပေါ်တွင်လည်း ကုန်းကြက်သွန်ဆိုပြီးအမျိုးမျိုး စိုက်ပျိုးကြပါသည်။ ၂၀၂၃ခုနှစ်တွင် ကြက်သွန်နီ(၃၇၉၃၁)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကကုန်ကျစရိတ် မှာ(၁၉၉၀၀၀၀)ကျပ်ကုန်ကျကာ တစ်ဧကလျှင် ပျှမ်းမျှ(၄၀၀၀)ပိသာထွက်ရှိပါသည်။ ရာသီစိုက်အနေဖြင့် ဆောင်းစိုက်နှင့်မိုးစိုက်ဆိုပြီးလည်း စိုက်ပျိုးကြပါသည်။ ယခုအခါ ကြက်သွန်နီကို ပြည်တွင်းနှင့် ပြည်ပစျေးကွက်ဝင်ပြီး မြန်မာGAPစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုး ရန်ရွေးချယ်ထားပါသည်။ ကြက်သွန်နီသည် စားဖိုဆောင်သုံးသီးနှံတွင် မပါမဖြစ်သီးနှံဖြစ်သည့်အပြင် အဟာရတန်ဖိုး ကြွယ်ဝပြီး စွမ်းအင်ကိုဖြစ်စေပါသည်။ ကြက်သွန်နီအဓိကစိုက်ပျိုးသည့် ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီတစ်မျိုးတည်းသာ အရောင်းအဝယ်ပြုလုပ်သည့် ကြက်သွန်နီကုန်စည်ဒိုင်အား ဖွင့်လှစ်ကာ အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ လာရောက်ရောင်းချကြရာ တစ်ရက်လျှင် ပိသာ(၅၀၀၀၀)ကျော် စီးဝင်လျှက်ရှိပြီး ဝင်ရောက်လာသည့် ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်၊ မြဝတီ၊ ရခိုင်(စစ်တွေ)ဘက်ထိ တင်ပို့ရောင်းချကြပါသည်။ မကွေးတိုင်းဒေသကြီးအနေဖြင့် ပြည်ပသို့တိုက် ရိုက်တင်ပို့ခြင်းမရှိသော်လည်း မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့တင်ပို့လျှက်ရှိပါသည်။ ကြက်သွန်နီစျေးနှုန်းများအနေဖြင့် ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီတစ်ပိသာလျှင် ကျပ်(၁၇၀၀)မှ(၁၈၀၀)အတွင်းရှိပြီး ပြီးခဲ့သည့်ဇွန်လတွင် ကျပ်(၂၀၂၅)၊ မေလတွင် ကျပ်(၂၁၀၀)၊ ဧပြီလတွင် ကျပ်(၁၆၅၀)၊ မတ်လတွင် ကျပ်(၁၀၅၀)၊ ဖေဖေါ်ဝါရီလတွင် ကျပ်(၁၁၇၅)၊ ဇန်နဝါရီလ တွင်ကျပ်(၁၅၇၅)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ်ယခုအချိန်တွင် ကြက်သွန်နီ တစ်ပိသာ လျှင်(၁၅၇၅)ကျပ် စျေးဖြစ်သည့်အတွက် ယခင်နှစ်နှင့်စျေးနှုန်းနှိုင်ယှဉ်ပါက တောင်သူများအနေဖြင့် တွက်သားကိုက်သော်လည်း သွင်းအားစုစရိတ်များ မြင့်တက်မှုကြောင့် အကျိုးအမြတ်နည်းပါး ကြောင်း တောင်သူများထံမှသိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့

Category: Local News