Local News

နှမ်းနက်(စမုံ)စျေးအနည်းငယ်ကျဆင်းလာ

Last Updated:

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် နှမ်းနက်(စမုံ)ကို အဓိကထားစိုက်ပျိုး လျှက်ရှိရာ အခြားနှမ်းမှာအနည်းငယ်သာ စိုက်ပျိုးထွက်ရှိပါသည်။ စစ်ကိုင်း၊ ရွှေဘိုဘက်မှ နှမ်းသစ်များ ပေါ်ထွက်လာခြင်း၊ တရုတ်ဘက်သို့ တင်ပို့ရာတွင်လည်း ဂျူတီလွတ်နှမ်း များအား ဖမ်းဆီးခြင်းတို့ကြောင့် စျေးအနည်းငယ် ကျဆင်းလာခြင်းဖြစ်သည်။ အောင်လံမြို့နယ်သို့ တစ်နေ့လျှင် နှမ်းနက်(စမုံ) အိတ်ရေ (၁၄၀)မှ(၁၅၀)ကြား ပုံမှန် အားဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လှောင်လက်များမှထုတ်ရောင်းပါက အိတ်ရေများစွာ အရောင်းအဝယ်ဖြစ်သည်ဟု ကုန်သည်တစ်ဦးထံမှ သိရပါသည်။ ယခုနှစ်သည် ဝါထပ်သည့် နှစ်ဖြစ်ကာ ဝါထပ်လျှင် နှမ်းအထွက်နှုန်း ကောင်းနိုင်သည်ဟု အဆိုရှိသဖြင့် နှမ်းတောင်သူများ ယခုနှစ်တွင် ဧကတိုးချဲ့၍ စိုက်ပျိုးကြတာကို တွေ့ရပါသည်။ ယခုလက်ရှိ မိုးရွာသွန်းမှု အခြေအနေမှာလည်း နှမ်းသီးနှံအကြိုက် မိုးရာလိုက်၊ နေပူလိုက် ဖြစ်နေသည့်အတွက် နှမ်းအထွက်နှုန်းကောင်း နိုင်သည်ဟု မျှော်မှန်းရပါသည်။ ဇွန်လပထမပတ်တွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင် (၁)အိတ်လျှင် ကျပ်(၃၂ဝဝဝဝ)၊ ဒုတိယပတ်တွင်  ကျပ်(၃ဝ၅ဝဝဝ)၊ တတိယပတ်တွင် ကျပ်(၂၉၅ဝဝဝ)ကျပ်အထိ တစ်ဖြေးဖြေး စျေးကျဆင်းလာခဲ့သည်။ ပြီးခဲ့သည့်နှစ် ယခုလိုအချိန်တွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်း ဝင်(၁)အိတ်လျှင် ကျပ်(၂၂ဝဝဝဝ)အထိသာ စျေးရရှိခဲ့ကာ ယခုနှစ်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် (စမုံ)(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၁ဝဝဝဝဝ)လောက် စျေးပိုမိုရရှိခဲ့တဲ့အတွက် နှမ်းနက်(စမုံ)သီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီး၊မကွေးမြို့

Category: Local News