Local News

စျေးဆက်လက်မြင့်တက်နေတဲ့ နှမ်းရောင်စုံ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံ နှမ်းရောင်စုံတို့မှာ တရုတ် ဝယ်လက်အားကောင်းနေ၍ စျေးဆက်လက်မြင့်တက်နေပါသည်။ နှမ်းနက်(စမုံ)နှင့်နှမ်းဖြူတို့မှာ တရုတ်ဝယ်လိုအားကြောင့် စျေးကောင်းနေပြီး ကျန်နှမ်းများမှာလည်း ပြည်ပဝယ်လိုအား အထိုက် အလျောက်ရှိကာ ပြည်တွင်းဝယ်လိုအားဖြစ်သည့် ဆီကြိတ်သမားများနှင့် နှမ်းလှော်လုပ်ငန်းရှင်များ မှလည်း ပုံမှန်ဝယ်လိုအားရှိနေသည့်အတွက် အရောင်းအဝယ်သွက်နေပါသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာမှစ၍ နှမ်းစျေးနှုန်းများတက်လာရာ ယခု၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်း ပိုင်းတွင် စံချိန်တင်အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ တိုင်းအတွင်းစိုက်ပျိုးထွက်ရှိသည့် နှမ်းများကို မန္တလေးမှတဆင့် တရုတ်သို့တင်ပို့ရောင်းချနေကာ အခြားပြည်ပနိုင်ငံများမှလည်း အမှာ များရှိလျှင်ရှိသလို တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၃၀၀၀၀ /၃၄၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃) တင်းဝင်တစ်အိတ်လျှင် ကျပ်(၂၈၀၀၀၀)စျေးဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ယခုလက်ရှိဖေဖေါ်ဝါရီလဆန်း ပိုင်းတွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၈၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃) တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၅၀၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၄၀၀၀၀) စျေးအထိ ဆက်လက်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News