Local News

နှမ်းနက်(စမုံ)လှိုင်လှိုင်ပေါ်ချိန် စျေးအနည်းငယ်ကျ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း နှမ်းနက်(စမုံ)ကို ဒေသအနှံ့အပြား စိုက်ပျိုးကြပါသည်။ နှမ်းနက်(စမုံ)သီးနှံသည် ပြည်တွင်းစားသုံးမှု မရှိသလောက်ဖြစ်ပြီး ပြည်ပပို့ကုန်သီးနှံအဖြစ် တင်ပို့ရ သော နိုင်ငံခြားငွေရရှိနေသည့် သီးနှံတစ်ခုဖြစ်ပါသည်။ နှမ်းနက်(စမုံ)ကို တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချနေရပြီး အချို့နိုင်ငံများမှ အမှာရှိပါကလည်း တင်ပို့ရောင်းချ ရပါသည်။

          နှမ်းနက်(စမုံ)သီးနှံမှာ သြဂုတ်လလယ်လောက်မှစ၍ ပေါ်ထွက်လာပြီဖြစ်ရာ ယခုအခါတွင်  လှိုင်လှိုင်ပေါ်ထွက်လာနေပြီဖြစ်ပါသည်။ ပေါ်ထွက်စတွင် စျေးကောင်းရနေပြီး ယခုရက်ပိုင်းတွင် စျေးကွက်ထဲသို့ ဝင်ရောက်မှုများလာသည့်အတွက် စျေးအနည်းငယ် ကျဆင်းလာပါသည်။ အောင်လံ မြို့နယ်သည် နှမ်းနက်(စမုံ)ကို အဓိကစိုက်ပျိုးရာနေရာ ဖြစ်သည့်အပြင် အရောင်းအဝယ်ပြုလုပ်ရာ နေရာလည်းဖြစ်ပါသည်။ သရက်၊ ကံမ၊ မင်းတုန်း၊ ပြည်၊ ဝက်ထီးကန်၊ နတ်တလင်း၊ မြန်အောင်နှင့် ကြံခင်းတို့ဘက်မှလည်း လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ အောင်လံမှတဆင့် ရန်ကုန်နှင့်မန္တလေးသို့ ပြန်လည်တင်ပို့ကာ ၎င်းမှတဆင့် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နေပါသည်။

          နှမ်းနက်(စမုံ)သီးနှံပေါ်စတွင် ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၃၇ဝဝဝ၀)မှ (၃၈၅၀၀၀) အထိစျေးရရှိနေပြီး ယခုအချိန် စက်တင်ဘာ ပထမပတ်တွင် ကျပ်(၃၄ဝဝဝ၀)စျေးသာ ရရှိသည့် အတွက် ပေါ်စကာလထက် စျေးအနည်းငယ်ကျကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အောင်လံ ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် နှမ်းနက်(စမုံ) ၂၅ပိသာဝင် အိတ်ရေ(၂၀၀၀)မှ(၃၀၀၀)ကြား ဝင်ရောက် ကာအရောင်းအဝယ်ဖြစ်နေပြီး ပြီးခဲ့သည့်နှစ်တွင် ကျပ်(၂ဝဝဝဝဝ)ကျော်မှ ကျပ်(၃ဝဝဝဝဝ)ကျော် အထိသာ စျေးရရှိခဲ့သည့်အတွက် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင်တောင်သူများ စျေးကောင်း ရရှိနေကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News