Local News

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲအကြိုညစာစားပွဲကျင်းပခြင်း

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်လင်ချိန်းမြို့၊ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ညနေ (၆း၃၀) နာရီအချိန်တွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညစာစားပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်နိုင်ဦး၊  ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ Jeng Phang နော်တောင်၊ ရှမ်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ ဒုတိယဝန်ကြီးများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချမ်းမြို့ မြို့တော်ဝန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

 

အခန်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကုန်စည်ပြပွဲအထိမ်းအမှတ် လက်ဖက်ခြောက်ဘူးပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးလဲလှယ်ကြပါသည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လင်ချန်းမြို့ မြို့တော်ဝန်တို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားပါသည်။ ညစာစားသုံးနေချိန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုအနုပညာရှင်များက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် လင်ချိန်းမြို့ မြို့တော်ဝန်တို့က အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

 

အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် (၃၀၀)ခန့် ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မိတ်ဆက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Category: Local News