Local News

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

Last Updated:

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာသီတာဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန် အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

          အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိမ်နီးချင်းများဖြစ်ကြပြီး ရာစုနှစ်ပေါင်း များစွာကတည်းက အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိကြောင်း၊ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ်ပေါင်း(၇၀)ကျော်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး ချစ်ကြည်ရေးလည်း ပိုမိုခိုင်မာလာခဲ့ကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လည်း ပိုမိုတိုးတက်လာပါကြောင်း၊ ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမား သည့်နေရာတစ်ခု ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားစွာဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Shareholders’ Agreement)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ပါ ကြောင်း၊ ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့မှာ သဘောတူလက်မှတ်ရေးထိုးရခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကြီးမှ မြန်မာနိုင်ငံအတွက် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အကူပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မှာလည်း  ဖြစ်ကြောင်း၊ ကျောက်ဖြူစီမံကိန်းကြီးမှ တစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူး သက်သာစေမှာဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာ မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ် စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှု ဥယျာဉ်စီမံကိန်း စတင်အကောင်အထည် ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံပြည်သူများ အကြား ကုန်သွယ်၊ စီးပွားဖွံ့ဖြိုးတိုးတက်၍  အေးချမ်းသာယာစွာဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ကြရန် ဆန္ဒပြုကြောင်းပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ဦး၊ CITIC Group ဥက္ကဋ္ဌ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံတို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ ကြပါသည်။

          ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ဦးကျော်ရွှေထွန်း နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ၊ Mr. Liang Chuanxin တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအပြီးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီးနှင့် Mr. Liang Chuanxin တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ စီမံကိန်းဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Category: Local News