Local News

လပွတ္တာမြို့နယ်မှ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ဒေသထွက် နေလှန်းဆားများဝယ်ယူအားကောင်းနေကြောင်း အ‌ရောင်းအဝယ်ကောင်းနေကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ဒေသထွက်နေလှန်းဆားများကို ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ဒီဇင်ဘာဘာလ ၃၁ နေ့ထိ ဒေသထွက်ဈေးကွက်အပြင် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ မအူပင် အခြားဒေသများက ဝယ်ယူအားကောင်းလာခြင်းကြောင့် အ‌ရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

“ဒီလ နေလှန်းဆားက အတော်လေးကို အဝယ်လိုက်နေတယ်။ ပြည်တွင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းလုပ်တဲ့ရာသီဖြစ်လို့ အခုလို ဒေသထွက်ဆားဝယ်ယူအားကောင်းနေတာပါ။ လက်ရှိအချိန်က ဒေသမှာလက်ကျန်ဆားတွေပဲရှိပါတယ်။ အခု လက်ကျန်ဆားတွေကိုပဲ ရောင်းချတာပါ။ အခုလို ဆားဝယ်ယူအားတက်လာတော့ ဆားထုတ်လုပ်တဲ့တောင်သူတွေလဲ အဆင်ပြေလာတာ တွေ့ရပါတယ်။ ဒေသထွက်ဆားတွေကို ရန်ကုန်ကလဲ ဒီဇင်ဘာလ တတိယပတ်ကစပြီး ဝယ်ယူအားများလာပါတယ်” ဟု လပွတ္တာမြို့နယ်မှ နေလှန်းဆားထုတ်လုပ်‌ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက် နေလှန်းဆားများကို လုပ်ငန်းရှင်များက စနစ်တကျချက်လုပ်ပြီး မှာယူသည့်ဒေသများကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါနေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News