International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိ ရွှေဈေးသည် တစ်ဂရမ်လျှင် ၂ ဒါဟမ် ကျော်တက်ကာ ၃ လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့

Last Updated:

အဝါရောင်ရွှေသတ္ထုစျေးနှုန်းများသည် အမေရိကန်ဒေါ်လာ၏အားနည်းမှုနှင့် ၂၀၂၄ ခုနှစ်တွင် US Federal Reserve မှအတိုးနှုန်းဖြတ်တောက်မှုခန့်မှန်းချက်များကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ မနေ့က ကြာသပတေးနေ့ဈေးကွက်ဖွင့်ချိန်တွင် ရွှေဈေးသည် တစ်ဂရမ်လျှင် နှစ် Dirham /AED ကျော်အထိ ခုန်တက်သွားခဲ့ပါသည်။

ဒူဘိုင်းကျောက်မျက်ရတနာ ကုမ္ပဏီများအုပ်စု၏အချက်အလက်များအရ အဖိုးတန်သတ္တုရွှေအမျိုးအစား 24-K မျိုးကွဲသည် ကြာသပတေးနေ့နံနက်တွင် တစ်ဂရမ်လျှင် ၂၅၂.၇၅ Dirham/AED ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယမန်နေ့ညကမူ တစ်ဂရမ်လျှင် ၂၅၀.၅ Dirham/AED ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ 22-K၊ 21-K နှင့် 18-K ရွှေအမျိုးအစားအလိုက် တစ်ဂရမ်လျှင် ၂၃၄.၀ Dirham/AED ၊ ၂၂၆.၅ Dirham/AED နှင့် ၁၉၄.၀ Dirham/AED ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

ယူအေအီးစံတော်ချိန် နံနက် ၉နာရီ ၁၀မိနစ် အချိန်ရွှေဈေးနှုန်းများအရ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၀၈၆.၆၉ ဖြင့် ၀.၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဈေးနှုန်းများမှာ ဒီဇင်ဘာ ၄ ရက်၏စံချိန်တင်အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၂,၁၃၅.၄၀ အထိ မြင့်တက်ခဲ့မှုနောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပါသည်။ ဤကဲ့သို့ဈေးနှုန်းမြင့်တက်လာမှုသည် သုံးနှစ်အတွင်း ၁၄ ရာခိုင်နှုန်းအမြတ်အစွန်းဖြင့် ၎င်း၏ အကောင်းဆုံးသောနှစ်အဖြစ် မှတ်ကျောက်တင်နိုင်မည်ဖြစ်ပါသည်။

အဝါရောင်ရွှေသတ္ထုစျေးနှုန်းများသည် အမေရိကန်ဒေါ်လာ၏အားနည်းချက်နှင့် ၂၀၂၄ ခုနှစ်တွင် US Federal Reserve မှအတိုးနှုန်းဖြတ်တောက်မှုခန့်မှန်းချက်များကြောင့်မြင့်တက်ခဲ့ပြီး ရွှေဈေးနှုန်းမြင့်တက်လာမှုသည် ယူအေအီးရှိရွှေဝယ်ယူစုဆောင်းကြသူများအတွက် ၎င်းတို့၏ ရွှေနှင့်လက်ဝတ်ရတနာများကို မြင့်မားသောနှုန်းထားဖြင့်ရောင်းချကာ ဈေးကျသွားသောအခါတွင်၎င်းတို့ကိုပြန်လည် ဝယ်ယူရန် လှုံ့ဆော်ချက်တစ်ရပ်ဖြစ်စေခဲ့ပါသည်။

DailyFX ဈေးကွက်သတင်းဌာနမှ ဗျူဟာပိုင်းဆိုင်ရာပံ့ပိုးကူညီသူ Diego Colman က အဝါရောင်ရွှေသတ္တုသည် အမေရိကန်ဒေါ်လာ ၂,၀၇၀ မှ ၂,၀၇၅ အကြား အရေးပါသောခုခံနိုင်မှုအတိုင်းအတာကိုကျော်လွန်သွားခဲ့ပြီး ရွှေစျေးနှုန်းများအတက်ဘက်ကိုဆက်လက်တည်ရှိနေမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂,၁၅၀ ပတ်ဝန်းကျင်အထိ ရောက်ရှိနိုင်ကြောင်းကို ပြောကြားခဲ့ပါသည်။

သို့သော်လည်း ရွှေဈေးပြန်လည်ကျဆင်းမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂,၀၇၀ မှ ၂,၀၇၅ အကြားရှိ အရေးပါသောခုခံနိုင်မှုအတိုင်းအတာသည် အရေးကြီးကြောင်းကို ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ ရွှေဈေးနှုန်းများအကျဘက်ကို ရောက်ရှိလာပါက ရွှေပြန်လည်ရောင်းချလိုသောစိတ်ဆန္ဒများ ရပ်တန့်သွားမည်ဖြစ်ပြီး၊ ရွှေစျေးနှုန်းများသည် အမေရိကန်ဒေါ်လာ ၂,၀၅၀ မှ အနိမ့်ဆုံးအမေရိကန်ဒေါ်လာ ၂.၀၁၀ အထိရောက်ရှိသွားနိုင်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သည် ရွှေနှင့်လက်ဝတ်ရတနာများအတွက် ကျော်ကြားသောဈေးကွက်တစ်ခုဖြစ်ပါသည်။ လက်ဝတ်ရတနာများ၊ ရွှေတုံးများနှင့် အနုစိတ်သောဒီဇိုင်းများအပါအဝင် မြောက်မြားစွာသော ရွှေထည်ပစ္စည်းများကိုရောင်းချပေးသည့် ရွှေဆိုင်ကြီးများနှင့်ရွှေဈေးများ တည်ရှိပြီး ဒူဘိုင်းအပါအဝင်ယူအေအီးနိုင်ငံသည် ရွှေကုန်သွယ်မှုအတွက် ရေပန်းစားသောနေရာတစ်ခုဖြစ်လာစေရန် အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ရွှေဝယ်ယူမှုတွင် တန်ဖိုးထပ်အခွန်(VAT)ကို ကောက်ခံမှုမရှိခြင်းသည် ယူအေအီးနိုင်ငံ၏ရွှေအရောင်းအဝယ်ကို နိုင်ငံတကာတွင် ပိုမိုဆွဲဆောင်မှုဖြစ်စေခဲ့ပါသည်။

ယူအေအီးနိုင်ငံတွင် နေထိုင်ကြသူများနှင့် ရင်းနှီးမြှုပ်နှံသူအများအပြားသည် ရွှေကိုရိုးရာတန်ဖိုးနှင့် စိတ်ချလုံခြုံသောပိုင်ဆိုင်မှုတစ်ခုအဖြစ် မှတ်ယူကြပြီးရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဖောင်းပွမှု နှင့်စီးပွားရေးမသေချာမရေရာမှုများကိုကာကွယ်ရန်အတွက် ရွှေကိုဝယ်ယူလေ့ရှိကြကာ ယူအေအီးအစိုးရသည် ကမ္ဘာ့ရွှေကုန်သွယ်မှုဗဟိုချက်အဖြစ် ဒူဘိုင်းမြို့ကိုသတ်မှတ်ထားရှိကာ ရွှေအရောင်းအဝယ်ပြုလုပ်ရန်အတွက် ရွှေနှင့်ကုန်စည်ဖလှယ်မှုဈေးကွက်(DGCX)တည်ထောင်ထားရှိပြီး အခြားသောကုန်စည်များထက် ရွှေရောင်းဝယ်မှုကိုလွယ်ကူချောမွေ့စေရန် စီစဉ်ဆောင်ရွက်ထားပါသည်။

ယူအေအီးနိုင်ငံတွင်း အခါအားလျော်စွာ ရွှေထုတ်ကုန်များနှင့်ဒီဇိုင်းမျိုးစုံကို ပြသရောင်းချလေ့ရှိသည့် ရွှေပွဲတော်များနှင့် ပြပွဲများကိုကျင်းပလေ့ရှိသလို ပြည်တွင်းနှင့်နိုင်ငံတကာမှဝယ်ယူသူများကို ဆွဲဆောင်မှုများဆောင်ရွက်ထားရှိကြောင်းတွေ့ရှိရပြီး ရွှေထုတ်ကုန်များ၏အရည်အသွေးနှင့် စစ်မှန်မှုတို့ကိုတိကျသေချာစေရန် ယူအေအီးအစိုးရသည် ရွှေ၏သန့်ရှင်းမှုကိုအာမခံရန် အမှတ်အသားပြုစံနှုန်းများပါဝင်သည့် စည်းမျဉ်း၊ စည်းကမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ရွှေသတ္တုသည် ယူအေအီးနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများတွင် နက်ရှိုင်းစွာအမြစ်တွယ်နေပြီး ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုအနေဖြင့် အခမ်းအနား၊ ပွဲလမ်းသဘင်များ၊ မင်္ဂလာဆောင်များ၊ ပွဲတော်နှင့်အထူးအချိန်အခါများနှင့်ဆက်စပ်လျက်ရှိသည့်အတွက် ရွှေနှင့်ဆက်စပ်လက်ဝတ်ရတနာများမှာ ဒူဘိုင်း‌တွင်ရာသီအလိုက် ဆက်တိုက်ဝယ်လိုအားကို ဖြစ်ပေါ်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News