ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသထွက်အုန်းသီးအနုများ ဝယ်ယူအားကောင်းပြီး အရောင်းအဝယ်ကောင်းနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်းက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်သည် အုန်းသီးများ စိုက်ပျိုးထွက်ရှိသည့်ဒေသဖြစ်ပြီး ဒီဇင်ဘာလပထမပတ်မှ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ အုန်းသီးအနုများကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားကောင်းလာသောကြောင့် တင်ပို့ရောင်းချရသဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါဒေသမှထွက်ရှိသည့် အုန်းသီးအနုများကို ရန်ကုန်ဈေးကွက်သို့ ငါးရက်တစ်ကြိမ် အလုံးရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
“မောလမြိုင်ကျွန်းမြို့နယ်က ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ တည်ရှိပြီး အုန်းသီးတွေထွက်တဲ့ ဒေသတစ်ခုဖြစ်တယ်။ အရင်နှစ်တွေက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့လို့ ပြည်တွင်း၊ ပြည်ပအုန်းသီးဈေးကွက် ပျက်ခဲ့တယ်။ ဒီနှစ် ပြည်ပကော၊ ပြည်တွင်းကော ဈေးကွက်ပြန်လည်တင်ပို့ခွင့်ရလာလို့ ဝယ်ယူအားကောင်းလာတာဖြစ်ပါတယ်။ အုန်းသီးတွေကို အနုသီးကော၊ အရင်းသီးကော တင်ပို့ရောင်းချနေပြီး လက်ရှိမှာ အနုသီးတွေ ပိုအဝယ်လိုက်နေတာပါ။ အုန်းသီးဈေးကလဲကောင်းလာသလို အသီးရင့်တဲ့ထိ မစောင့်ရဘဲငွေရလို့ စိုက်တဲ့တောင်သူတွေ အဆင်ပြေနေပါတယ်။ ပုံမှန်အဝယ်ရှိနေပေမဲ့ ဒီလကပထမပတ်ကနေ စတင်ပြီးတော့ အုန်းသီးအနုတွေက ဝယ်လိုအား ပိုကောင်းလာတာဖြစ်ပါတယ်။ အခုက ဝယ်လိုအားတက်လာသလို ဈေးလဲ အနည်းငယ်ကောင်းလာပါတယ်။ အုန်းသီးတွေကိုတော့ ရန်ကုန်ပြည်တွင်းဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချတာပါ” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်းက ပြောပြသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက်အုန်းသီးအခြောက်များ၊ အရင်းသီးများအပါအဝင် အနုသီးများကို ဒေသပွဲရုံလုပ်ငန်းရှင်များက ဝယ်ယူကာ စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ အုန်းသီးအနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ