Local News

ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းပြီး အ‌ရောင်းသွက်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေကြောင်း ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်ဦးက ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်တွင် ဒီဇင်ဘာလအတွင်း ပဲလွမ်းဖြူများဝယ်ယူမှုကောင်းပြီး အ‌ရောင်းသွက်လာကြောင်း၊ အဆိုပါ ပဲလွမ်းဖြူများဝယ်ယူမှု အားကောင်းလာခြင်းသည် ဒေသထွက် ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ဒေသထွက်ကုန်ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ အခု ဒီဇင်ဘာလ ပထမပတ်လောက်ကနေပြီး သိသိသာသာကို အဝယ်လိုက်လာတာဖြစ်ပါတယ်။ အခုအဝယ်လိုက်နေတဲ့အပြင် ဈေးလဲကောင်းလာပါတယ်။ ဒေသထွက် ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ပဲထွက်နည်းလာတာနဲ့အဝယ်လိုက်ပြီး အ‌ရောင်းသွက်နေတာဖြစ်ပါတယ်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေ သိပ်မထွက်သေးပါဘူး။ ဒေသမှာ ပဲလွမ်းဖြူက ဆောင်းသီးနှံတွေ သိမ်းချိန်မှာ အထွက်များပါတယ်” ဟု ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်ဦးက ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၉၆၀၀၀ ထိဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်းနှင့် စပါး၊ ဆန်၊ ရာသီထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News