International News

ဆန်တန်ချိန် ၃ သိန်း တင်သွင်းရန် အင်ဒိုနီးရှား နိုင်ငံတကာ တင်ဒါခေါ်ယူ

Last Updated:

အင်ဒိုနီးရှားနိုင်ငံတွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၃ ခုနှစ်တွင်  မိုးရွာသွန်းမှုလျော့ကျခဲ့ပြီး စပါးအထွက်နှုန်း လျော့ကျခြင်း၊ စပါးရိတ်သိမ်းချိန် နောက်ကျသဖြင့် ဆန်ဟောင်း လက်ကျန်နည်းပါးနေချိန် ဆန်သစ် အဝင်နောက်ကျခြင်းတို့ကြောင့် နိုင်ငံလူဦးရေ သန်း ၂၇၀ တွင် အများစုအတွက် အဓိကကျသည့်ဆန် ဈေးနှုန်းများသည် ယမန်နှစ်ကတည်းက ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ 

အသက် ၅၅ နှစ်အရွယ် အုန်းသီးရောင်းချသူ Masih သည် ဆန် ၅ ကီလိုဂရမ် (၁၁ ပေါင်) အိတ်ကို အစိုးရအစီအစဉ်ဖြင့် ရောင်းချသည့်နေရာတွင် တိုးကြိတ်တန်းစီပြီး ဝယ်ယူခဲ့သည်။ "ဒီမှာ တန်းစီပြီး ဆန်ဝယ်ယူတာ ပိုသက်သာပါတယ်။ စျေးမှာ ဈေးကြီးတဲ့အတွက် ဒီမှာ စျေးသက်သက်သာသာနဲ့ ဝယ်ပါတယ်" ဟု သူမက ပြောပြသည်။ ဆန် ပြင်ပပေါက်ဈေးသည် တစ်ကီလိုဂရမ် ရူပီယာ ၁၄,၃၀၀ ရှိပြီး ဈေးများမှ ဆန်ဆိုင်များတွင် တစ်ကီလိုဂရမ်လျှင် ရူပီယာ ၁၀,၆၀၀ (ကန်ဒေါ်လာ ၀.၆၇၈) ထက် မပိုရဟု အစိုးရက အများဆုံးဈေးနှုန်း ပြဋ္ဌာန်းထားသည်။

အစိုးရ စားနပ်ရိက္ခာ အဖွဲ့အစည်း Bulog က ဆန်ကိုလိုသည်ထက် ပိုဝယ်ကြပြီး သိုလှောင်ထားခြင်းကို တားဆီးရန် ဝယ်ယူသူ တစ်ဦးလျှင် ၁၀ ကီလိုဂရမ်ထက် ပိုမရောင်းရန်လည်း သတ်မှတ်ထားသည်။ အစိုးရသည် ပုံမှန်အားဖြင့် စားသောက်ကုန်များ ဈေးတက်သည့်အခါ အစိုးရ ထောက်ပံ့‌ပေးထားသည့်စျေးနှုန်းဖြင့် ရောင်းချပေးသည်။

လက်လီအရောင်းဆိုင်များတွင် ဆန်ရှားပါးလာခဲ့ပြီးနောက် Bulog သည် ဇန်နဝါရီလမှစတင်၍ နိုင်ငံတစ်ဝှမ်းရှိရာနှင့်ချီသော စျေးဆိုင်များမှတစ်ဆင့် အစိုးရအရန်ဆန် မက်ထရစ်တန်ချိန် ၃၀၀,၀၀၀ ကျော်ကို ဖြန့်ဖြူးရောင်းချခဲ့သည်။ Bulog ကို ကြီးကြပ်သည့် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီက ဇန်နဝါရီလတွင် ဈေးဆိုင် ၄၂၉ ခုမှ တဆင့် ဆန်များ ရောင်းခဲ့ပြီး  ဖေဖော်ဝါရီလကုန်တွင် နောက်ထပ် ၃၁၅ ဆိုင် ထပ်တိုးပေးခဲ့သည်။

ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင် စိုက်ပျိုးမှုနှောင့်နှေးခြင်းနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် စပါးရိတ်သိမ်းချိန် တစ်လနောက်ကျသည်။ သို့ဖြစ်ရာ ဇန်နဝါရီလတွင် ဆန် မက်ထရစ်တန် ၁.၆၃ သန်းနှင့် ဖေဖော်ဝါရီလတွင် မက်ထရစ်တန် ၁.၁၅ သန်း လိုအပ်နေခဲ့သည်။ အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင် စံချိန်တင် ဆန်တင်သွင်းခဲ့သည်။ ၂၀၂၄ ခုနှစ်အတွက် ယခင်ခွင့်ပြုထားသော တန်ချိန် ၂ သန်းအပြင် နောက်ထပ် မက်ထရစ်တန်ချိန် ၁.၆ သန်းကို ထပ်မံတင်သွင်းရန် ခွဲတမ်းခွဲဝေပေးခဲ့သည်။

BULOG သည် ဆန်မက်ထရစ်တန်ချိန် ၃ သိန်း တင်သွင်းရန် ဖေဖော်ဝါရီလ ၂၇ ရက်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူခဲ့ပြီး ယင်းနေ့ရက်  ဖေဖော်ဝါရီလ ၂၇ ရက်တွင် စာရင်းပိတ်သည်။ စာရင်းပေးသွင်းထားသူများသည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ၅% ဆန်ကွဲပါ ဆန်ဖြူအတွက် ဈေးနှုန်းများ အဆိုပြုတင်သွင်းကြရသည်။ BULOG က တပတ်အတွင်း စိစစ်ပြီး ဆုံးဖြတ်ချက်ချပေးမည်ဟု ပြောကြားခဲ့သည်။ 

တင်ဒါအောင်သည့်ကုမ္ပဏီသည် လာမည့် ဧပြီလ ၃၀ ရက် နောက်ဆုံးထားပြီး အင်ဒိုနီးရှားသို့ ဆန်များ ဆိုက်ရောက်ရမည်။ ဆန်ကို အိတ်များဖြင့် တင်သွင်းရမည်ဖြစ်ပြီး ကွန်တိန်နာ မသုံးစွဲဘဲ ဝမ်းပုံတင် bulk သင်္ဘောဖြင့် တင်သွင်းရမည်ဖြစ်သည်။ သင်္ဘောတစီးစာသည် မက်ထရစ်တန်ချိန် ၃၀,၀၀၀ မှ ၃၂,၅၀၀ အထိ ဖြစ်ရမည်ဟု ညွှန်ကြားထားပါသည်။ BULOG သည် ယခင်တကြိမ် တင်ဒါကို ဇန်နဝါရီ ၃၁ ရက်တွင် ဆန်တန်ချိန် ၅၀၀,၀၀၀ တင်သွင်းရန် အတွက် ခေါ်ယူခဲ့ပါသည်။

Source: Reuters 

Source: https://www.foodindustrydirectory.com.mm

Category: International News