Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ပုစွန်အစုံပိဿာချိန် ၄၀၀၀ တင်ပို့ရောင်းချနေရ

Last Updated:

       ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ရေထွက်ကုန်ပုစွန်အစုံပိဿာချိန် ၄၀၀၀ တင်ပို့ရောင်းချနေရကြောင်း လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်သူဇာလွင်က ပြောပြ၍ သိရသည်။

    လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များသည် ဒေသထွက်မွေးမြူရေးပုစွန်များနှင့် ပင်လယ်ပြင်မှရရှိသည့် ပုစွန်များကိုဝယ်ယူပြီး စနစ်တကျ သန့်စင် ၍ ရန်ကုန်မြို့သို့တင်ပို့‌ရောင်းချလျက်ရှိကြောင်း၊ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်းက တစ်ရက်လျှင် ပုစွန်အစုံပိဿာချိန် ၁၅၀၀ သာ တင်ပို့ရောင်းချခဲ့ရကြောင်း၊ ယခုနှစ် မေ ၁ ရက်မှ ယနေ့(မေ ၃၁)ထိ တစ်ရက်လျှင် ပုစွန်အစုံပိဿာချိန် ၄၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

   “လပွတ္တာမြို့နယ်က ရေထွက်ကုန်တွေ ရန်ကုန်မြို့ကို အခုလအတွင်း ပုစွန်အစုံပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခြားဒေသတွေကနေ ရန်ကုန်မြို့ကို ရေထွက်ကုန်တွေ အဝင်နည်းနေတာကြောင့် တင်ပို့ရောင်းချရမှုများလာတာပါ။ ကုန်ချိန်များများ တင်ပို့ရောင်းချနေရတာကြောင့် ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်းက ဆက်စပ်သူတွေအားလုံး အဆင်ပြေနေပါတယ်”ဟု ဒေါ်သူဇာလွင်က ပြောပြသည်။

     လပွတ္တာမြို့နယ်မှ ရန်ကုန်မြို့သို့တင်ပို့ရောင်းချနေသည့် ပုစွန်အမျိုးအစားများ၏ တစ်ပိဿာဈေးနှုန်းသည် ပုစွန်ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀၀ မှ ၁၇၅၀၀၊ ပုစွန်ဆိတ်သေး တစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀၀ မှ ၁၃၅၀၀၊ ပုစွန်ဆိတ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀၀ မှ ၁၃၀၀၀၊ ပုစွန်တုပ်ကြီးတစ်ပိဿာလျှင် ငွေကျပ် ၂၅၅၀၀ မှ ၃၁၅၀၀ စသည်ဖြင့် လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးနှုန်းအမြင့်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News