Local News

ဖျာပုံမြို့နယ်တွင် အုန်းသီးအလုံး ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် ဒေသထွက်အုန်းသီးများ ဝယ်လိုအားကောင်းပြီး အုန်းသီးအလုံး ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဖျာပုံမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စုခိုင်က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်းက အုန်းသီးအလုံး ၁၀၀ လျှင် ငွေကျပ် ၄၆၀၀၀ သာဈေးရှိခဲ့ပြီး ဩဂုတ်လဒုတိယပတ်မှစ၍ တဖြည်းဖြည်းဈေးတက်လာကာ အုန်းသီးအလုံး ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါအုန်းသီးများကို ရန်ကုန်မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့နေရခြင်းကြောင့် ဈေးကောင်းရရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်မှာ စပါးစိုက်ပျိုးရေးလုပ်ငန်းအပြင် အုန်းသီးစိုက်ပျိုးတဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်ကြတယ်။ ဩဂုတ်လဒုတိယပတ်လောက်ကစပြီး အုန်းသီးဈေးတက်လာပါတယ်။ အခု အုန်းသီးအလုံး ၁၀၀ ကို ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။ အုန်းသီး ဝယ်လိုအားကောင်းလာသလို ဈေးကောင်းလည်းရရှိနေပါတယ်။ ဒေသထွက်အုန်းသီးတွေကို ရန်ကုန်ဈေးကွက်ကိုအဓိကတင်ပို့တာဖြစ်ပါတယ်။ ရန်ကုန်ကနေတစ်ဆင့် ပြည်ပဈေးကွက် ကိုတင်ပို့ရောင်းချပါတယ်”ဟု ဖျာပုံမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စုခိုင်က ပြောပြ သည်။

ဖျာပုံမြို့နယ်မှ ထွက်ရှိသည့်အုန်းသီးများကို ရန်ကုန်မြို့သို့ ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဈေးကောင်းရရှိခြင်း၊ ဝယ်လိုအားကောင်းလာခြင်းကြောင့် အုန်းစိုက်ပျိုးသူတောင်သူများ၊ ကုန်ထမ်း လုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကား အဌားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News