Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးခူပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးခူပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေမြင့်က ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းက ငါးခူပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ငါးခူပိဿာချိန် ၇၄၀၀၀ ထိ ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးခူများ အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ “ငါးခူတင်ပို့အားကောင်း တော့ အဓိက အဆင်ပြေနေတာက ရေလုပ်သားတွေပါ။ ပြီးခဲ့တဲ့ တစ်လအတွင်း ငါးခူပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချခဲ့ရတယ်။ လက်ရှိအချိန်က ဒေသမှာ ငါးခူတွေထွက်ရှိနေတဲ့ အချိန်ပါ။ ဒီငါးခူက ပြည်တွင်းမှာကို စားသုံးမှုများတဲ့ ငါးဖြစ်ပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်ဘက်က ရေထွက်ကုန်မှန်သမျှကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကို တင်ပို့တာပါ” ဟု ဒေါ်ဝေဝေမြင့်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်ရှိသည့် ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ငါးခူများကို စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News