International News

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏကို ထိန်းသွားရန် တရုတ်က ကတိပြုပြောကြားခဲ့ခြင်း

Last Updated:

စိုက်ပျိုး‌‌ရေးထုတ်ကုန်များ ပိုမိုဝယ်ယူခြင်းကြောင့် ကုန်သွယ်မှုလိုငွေကို လျှော့ချခြင်းနှင့် ထိုင်း လုပ်ငန်းငယ်များကို တရုတ် e-commerce ပလက်ဖောင်းသို့ ဝင်ရောက်နိုင်ရေး ထောက်ကူပေးခြင်းဖြင့် ကုန်သွယ်မှုပမာဏကို ထိန်းညှိသွားရန် တရုတ်က ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံခဲ့စဉ်တွင် တရုတ်သံရုံးအနေဖြင့် တန်ဖိုးနည်းပြီး အရည်အသွေးနိမ့်သော ပစ္စည်းများနှင့်စပ်လျဉ်းသည့် ပူပန်မှုကို ပြောကြားခဲ့ပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် တရုတ်လုပ်ငန်းရှင်များနှင့် နိုင်ငံသားများကို ၎င်းတို့၏ စီးပွား‌ရေးဆောင်ရွက်ချက်များသည် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစေရန် တောင်းဆိုထားပါကြောင်း၊ ထိုင်းအစိုးရ၏ ကြီးကြပ်မှုနှင့် ဥပဒေနှင့် မကိုက်ညီမှုများ တိုက်ဖျက်ရေးကို မိမိတို့အနေဖြင့် ထောက်ခံပါကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ် ပြီး စိုက်ပျိုးရေးပို့ကုန်များအတွက် အဓိက ဈေးကွက်ဖြစ်ပါကြောင်း၊ လွန်ခဲ့သော ၂ နှစ်ခန့်က တရုတ် သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပါကြောင်း၊ တရုတ်လုပ်ငန်းများ သည် လျှပ်စစ်မော်တော်ကား၊ ဒီဂျစ်တယ်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ခေတ်မီထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံထားပါကြောင်း သံရုံးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် Eastern Economic Corridor တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်စေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် ထိုင်းလုပ်သားများအတွက် အလုပ်အကိုင်နှင့် အရည် အသွေးများ တိုးတက်စေမည့် အခွင့်အလမ်းများဖြစ်ကြောင်း၊ တရုတ်သည် ထိုင်းနိုင်ငံအတွက် နိုင်ငံခြား ခရီးသွားအများဆုံးနိုင်ငံဖြစ်ပြီး ယခုနှစ်အတွင်း တရုတ်ခရီးသွား ၈ သန်းခန့် လာရောက်လည် ပတ်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းသော တရုတ်သွင်းကုန်များ၏ ၈၀ ရာခိုင်နှုန်း သည် ပြည်တွင်းထုတ်လုပ်မှုနှင့် ပို့ကုန်အတွက် အသုံးပြုသော အရင်းအနှီးကုန်စည်များနှင့် interme-diate ကုန်စည်များဖြစ်ပါကြောင်း၊ ဈေးနည်းသည့် တရုတ်စားသောက်ကုန်များ၊ အစားအစာနှင့် အဝတ်အထည်များသည် သွင်းကုန်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာရှိပါကြောင်း သံရုံးက ဖြည့်စွက်ပြော ကြားပါသည်။

ထိုင်းနိုင်ငံအနေဖြင့် e-commerce ပုံစံဖြင့် တရုတ်ဈေးကွက်သို့ ချဲ့ထွင်ရန် သံရုံးအနေဖြင့် အားပေးလိုကြောင်း၊ e-commerce ဈေးကွက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မျှဝေပေးသွားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် International Live Commerce Expo 2024 တွင် တရုတ် influencer ၏ တိုက်ရိုက်ထုတ်လွှင့် ရောင်းချပေးမှုကြောင့် ဘတ် ၃၂၀ သန်း ရရှိခဲ့ပါကြောင်း၊ ထိုင်းအသေးစားနှင့် အလတ်စားပို့ကုန်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို တရုတ် e-commerce ပလက်ဖောင်းတွင် ရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ် အွန်လိုင်းရောင်းချသူ Temu ပလက်ဖောင်းနှင့်စပ်လျဉ်း၍ ယင်းပလက်ဖောင်းသည် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လုပ်ငန်းမှတ်ပုံတင်ခြင်းတို့ကို ထိုင်းနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ထိုင်းအစိုးရ၏ ဥပဒေများ တင်းကျပ်ခြင်းနှင့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းသွေဖီသူများအား တရားစွဲဆိုခြင်းတို့အတွက် ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com  ( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

Category: International News