International News

မိုဇမ်ဘစ်နှင့်ရေးထိုးထားသည့် ပဲစင်းငုံရောင်းဝယ်မှုသဘောတူညီချက်ကို အိန္ဒိယ ရုတ်သိမ်းဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံကုန်သည်လုပ်ငန်းရှင်များက ဝန်ကြီးချုပ်ရုံးသို့ အရေးဆိုတင်ပြခဲ့ပြီးနောက် အစိုးရအနေဖြင့် မိုဇမ်ဘစ်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသော ပဲစင်းငုံတန်ချိန် ၂ သိန်း နှစ်စဉ် ဝယ်ယူတင်သွင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြန်လည် ရုတ်သိမ်းဖွယ်ရှိကြောင်း Economic Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ မိုဇမ်ဘစ်နိုင်ငံ၌ အဂတိလိုက်စားမှု ပြဿနာရပ်များ ပေါ်ပေါက်မှုနှင့်အတူ ပဲစင်းငုံများအား ပုံမှန်ပေးသွင်းတင်ပို့နိုင်မှုမရှိသည့် အခြေအနေဖြစ်ပေါ်လျက်ရှိရာ အိန္ဒိယနိုင်ငံအနေဖြင့်  အဆိုပါ နားလည်မှုစာချွန်လွှာကို ပယ်ဖျက်ရေး စဉ်းစားရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ဟု အမည်ဖော်ပြလိုခြင်းမရှိသော အစိုးရဌာနဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌဖြစ်သူ Bimal Kothari က မိုဇမ်ဘစ်နိုင်ငံ၌ စာရိတ္တပျက်ပြားသော  အရာရှိအချို့သည်  မိုဇမ်ဘစ်မှ  အိန္ဒိယနိုင်ငံသို့  ပဲစင်းငုံများ  တင်ပို့သည့်လုပ်ငန်းအား ပို့ကုန်လုပ်ငန်းရှင်တစ်ဦးတည်းကသာ ချုပ်ကိုင်နိုင်စေရန် ပူးပေါင်းလုပ်ဆောင်လျက်ရှိပုံကို ဝန်ကြီးချုပ်ရုံးသို့ စာရေးသားပေးပို့ တင်ပြခဲ့ကြောင်း၊ အဆိုပါ အကျင့်ပျက်အရာရှိများနှင့် လက်ဝါးကြီးအုပ်ထားသည့် ပို့ကုန်လုပ်ငန်းရှင်၏ ဈေးကစားလုပ်ကိုင်မှုက ပဲစင်းငုံဈေးနှုန်းများ ကို မြင့်တက်စေခဲ့ကြောင်းဖြင့် ပြောဆိုပါသည်။

ပဲစင်းငုံများ တင်ပို့မှုမရှိသည့် အရေးကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယအစိုးရသည် မိုဇမ်ဘစ်အစိုးရ ၏ ကိုယ်စားလှယ်များထံ အကြိမ်ကြိမ် သတိပေးပြောကြားခဲ့သော်လည်း ပြဿနာအား ဖြေရှင်းနိုင်မှုမရှိခဲ့ကြောင်း၊ မိုဇမ်ဘစ်နိုင်ငံ၌ ပဲစင်းငုံကို အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဈေးကွက် လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက်သာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပြီး အခြားသော အဓိကဝယ်လက်နိုင်ငံမရှိကြောင်း၊ ယင်းနိုင်ငံ၏ ဆိပ်ကမ်း၌ ပဲစင်းငုံပမာဏ အမြောက်အမြား စုပုံထားရှိခြင်းကြောင့် အိန္ဒိယနိုင်ငံရှိ ပဲတင်သွင်းသူများက အရေးဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၌ ကာနာတကာ၊ အန္တရာပရာဒေ့ရှ်၊ တဲလန်ဂါနာ စသည့် မိုးကောင်းသောက် ပဲစင်းငုံစိုက်ပျိုးရာ ပြည်နယ်များတွင် ၂၀၂၂-၂၃ ခုနှစ် စိုက်ပျိုးရာသီအတွင်း မုတ်သုံမိုးရွာသွန်းမှု ပုံပျက်ယွင်းခြင်းနှင့် သီးနှံရောဂါကျရောက်ခြင်းကြောင့် ယခုနှစ် ပဲစင်းငုံဈေးနှုန်းများမှာ မြင့်တက်ခဲ့ကြောင်း၊ လက်ရှိကာလ၌ ကာနာတကာပြည်နယ်ရှိ Koppal နှင့် Gulbarga ဒေသများမှ ပဲစင်းငုံများ စတင်ရိတ်သိမ်းထွက်ရှိလာပြီဖြစ်၍ ဈေးနှုန်းများ ကျဆင်းစပြုလာပြီဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံ၊ ကုလားပဲနှင့် ပဲတီစိမ်းတို့၏ ဈေးနှုန်းများ ထူးကဲစွာမြင့်မားမှုကြောင့် နှစ်အလိုက်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပဲမျိုးစုံအုပ်စု၏ ဈေးနှုန်းဖောင်းပွမှု မှာ ၁၈.၇၉% အထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 23 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News