International News

အလီဘာဘာအွန်လိုင်းကို အသုံးပြုရန် လုပ်ငန်းရှင်များသို့ ကမ္ဘောဒီးယားအစိုးရ တွန်းအားပေး

Last Updated:

ကမ္ဘောဒီးယားနိုင်ငံ၌ ဒေသခံကုန်ထုတ်လုပ်သူများနှင့် ရောင်းချသူများအနေဖြင့် မကြာသေးမီကာလ၌ ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အခြေစိုက် အလီဘာဘာ (Alibaba e-platform) အွန်လိုင်းဈေးကွက်စင်္ကြန်တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်အရ အခွင့်အလမ်းများကိုရယူလျက် ၄င်းတို့၏ ထုတ်ကုန်များကို အဆိုပါအွန်လိုင်းဈေးကွက်တွင် လွှင့်တင်ရောင်းချကြရန် အစိုးရကတွန်းအားပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘောဒီးယားအစိုးရ၏ ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် လယ်ယာထွက်ကုန် ထုတ်လုပ်မှုတိုးမြှင့်ရေး ဦးစားပေးမူဝါဒ အစီအစဉ်များ စတင်ချမှတ်မှု အထိမ်းအမှတ်အခမ်းအနား၌ ဝန်ကြီးချုပ် Hun Manet က အလီဘာဘာနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာသည် အစိုးရ၏ ပဉ္စဂံမဟာဗျူဟာတွင်ပါဝင်သော ဒီဂျစ်တယ်စီးပွားရေး မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း အဆိုပါ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစင်္ကြန်သည် ရောင်းချသူများအတွက် ဈေးကွက်အရွယ်အစားကြီးမားသည့် အားသာချက်ကို အသုံးချ၍ ၄င်းတို့၏ထုတ်ကုန်များအား ပြသခွင့်ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား လုပ်ငန်းရှင်များအနေဖြင့် အဆိုပါအခွင့်အရေးကို  ရယူဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာတစ်ဝန်း၌ အလီဘာဘာ၏ အွန်လိုင်းဈေးကွက်စင်္ကြန်ကို အသုံးပြုဝယ်ယူသူဦးရေမှာ ၁.၃ ဘီလီယံခန့်ရှိပြီး ဆန်နှင့် သစ်သီးဝလံများ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ ထုတ်ကုန်များကို ၎င်းစင်္ကြန်၌ ရောင်းချလျက်ရှိကြောင်း၊ အလီဘာဘာကုမ္ပဏီသည် တရုတ်နိုင်ငံသားများအတွက် ကမ္ဘောဒီးယား ပြည်ဝင်ခွင့်ဗီဇာကို လျှောက်ထားနိုင်ရန် အီလက်ထရောနစ်စင်္ကြန်တစ်ခုကိုလည်း တည်ထောင်ထားပြီး အဆိုပါဝန်ဆောင်မှုကို အသုံးပြုလျှောက်ထားသူဦးရေမှာ သိသာစွာ တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယား၏ ထုတ်ကုန်တစ်မျိုးဖြစ်သော Pailin Longan ခေါ် တောကြက်မောက်သီးကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တရုတ်နိုင်ငံ Hangzhou ရှိ အလီဘာဘာ အွန်လိုင်းဈေးကွက်တွင် လွှင့်တင်ပြသနိုင်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရေးထိုးထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်နှင့်အညီ အပင်ကျန်းမာရေးဆိုင်ရာ စံချိန် စံညွှန်းများကို လိုက်နာဆောင်ရွက်မှုရှိသော Pailin Longan သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုသည် ကမ္ဘောဒီးယား တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း၊ အလီဘာဘာအုပ်စုအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ Pailin Longan ကြက်မောက်သီး တန်ချိန် ၂ဝဝဝဝ ကို နှစ်စဉ် တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း၊ အလီဘာဘာ အွန်လိုင်းဈေးကွက်စင်္ကြန်၌ လွှင့်တင်ခြင်းဖြင့် ကမ္ဘောဒီးယားထုတ်ကုန်များကို တရုတ်နိုင်ငံအပြင် အာဆီယံနိုင်ငံ ဈေးကွက်များသို့ တိုက်ရိုက်ရောင်းချခွင့်ရရှိစေမည်ဖြစ်ကြောင်းဖြင့် Khmer Times သတင်းဌာနက ဖော်ပြပါသည်။

Source: Khmer Times, 21 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News