Local News

ဘိုကလေးမြို့နယ်တွင် ဒေသထွက် ငါးရံ့ခြောက်များ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ဒေသထွက်ငါးရံ့ခြောက်များ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေကြောင်း ဘိုကလေးမြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်‌ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်တွင် ဒေသထွက်ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်အပါအဝင် အခြားဒေသများက ဒီဇင်ဘာလအတွင်း ဝယ်ယူမှုကောင်းလာကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသော ငါးရံ့ခြောက်များကို ရန်ကုန်အပါအဝင် အခြားဒေသများသို့ တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၁၀၀ မှ ၂၀၀ ထိ တင်ပို့ရောင်းချနေကြောင်း သိရသည်။

“အရင်လတွေကထက် ဒေသထွက် ငါးခြောက်အထွက်နှုန်းကလဲ ကောင်းပါတယ်။ အရောင်းအဝယ်လဲကောင်းနေပါတယ်။ ဘိုကလေးမြို့နယ်ကထွက်တဲ့ ငါးရံ့ခြောက်တွေကို ရန်ကုန်ဘက်ကိုပဲ အဓိက တင်ပို့ရောင်းချတာပါ။ ငါးရံ့ခြောက်တွေကို ရန်ကုန်မြို့ဈေးကွက်က တစ်ရက်နဲ့တစ်ရက် ဝယ်ယူမှုများလာလို့ တင်ပို့ရောင်းချမှုတက်လာတာပါ” ဟု ဘိုကလေးမြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြသည်။

ဘိုကလေးမြို့နယ်က ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးရံ့အစိမ်းများကိုဝယ်ယူကာ စနစ်တကျခွဲနေလှန်းပြီး ငါးရံ့အချိုခြောက်နှင့် ဆားလတ်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ် ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ထုတ်လုပ်တင်ပို့ရောင်းချနေသည့် ငါးရံ့ခြောက်အကြီး တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀၀၊ ငါးရံ့ခြောက်အလတ် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးရံ့ခြောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ဒေါ်သူသူဝင်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News