Local News

သရက်သီးအနှစ်ထုတ်ကုမ္ပဏီများက အိတ်မစွပ်သရက်သီးများကို တစ်တန်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် ဝယ်ယူမှုရှိနေ

Last Updated:

       မန္တလေးတိုင်းဒေသကြီးအတွင်း အိတ်မစွပ်သရက်သီးများကို သရက်အနှစ်ထုတ်ကုန်သည့် ကုမ္ပဏီများက တစ်တန်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် ဝယ်ယူမှုရှိနေကြောင်း မြန်မာသရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း (မန္တလေး) အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြ၍ သိရသည်။ သရက်အနှစ်ထုတ်ကုန်ကုမ္ပဏီများသည် သရက်ခြံများမှ ထွက်ရှိသောအိတ်မစွတ် သရက်သီးများကို သရက်အနှစ်ထုတ်ရန်အတွက် တစ်တန်လျှင် ငွေကျပ် ၁၀ သိန်းထိ ဈေးကောင်းပေး၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

          “အခုလက်ရှိအချိန်မှာက သရက်သီးတွေဟာ လှိုင်လှိုင်ဝင်ရောက်နေပါတယ်။ တရုတ်ဈေးကွက်ကိုလည်း တင်ပို့ရောင်းချနေပါတယ်။ အိတ်စွပ်သီးတွေကို တင်ပို့ရောင်းချနေတာပါ။ အခုချိန်မှာတော့ မြေပြန့်ပိုင်းကအသီးတွေက လျော့နည်းသွားပါပြီ။ တောင်ပေါ်ဒေသက အသီးတွေ ကျန်သေးပါတယ်။ ပြည်တွင်းမှာလည်း ရောင်းချနေပါတယ်။ အိတ်မစွပ်သီးတွေကိုတော့ တစ်ဖက်ကနေပြီး သရက်အနှစ်ထုတ်ကုမ္ပဏီနှစ်ခု၊ သုံးခုလောက်ကနေ ဝယ်ယူနေတာတွေရှိပါတယ်။ နောက်ထွက်ရှိလာမဲ့ သရက်သီးတွေကိုလည်း ဆက်လက်ပြီး ဝယ်ယူသွားဖို့ရှိပါတယ်” ဟု ဦးကျော်စိုးနိုင်က ပြောပြသည်။

          သရက်စိုက်တောင်သူများသည် လက်ရှိအချိန်တွင် သရက်သီးဈေးကောင်းရရှိနေသည့်အပြင် သရက်အနှစ်ထုတ်ကုမ္ပဏီများကလည်း ဝယ်ယူမှုကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News