International News

တရုတ်နိုင်ငံရဲ့စီးပွားရေးတည်ငြိမ်ပြီး စက်ရုံလုပ်ငန်းများတိုးတက်လာ

Last Updated:

ကမ္ဘာ့ဒုတိယမြောက်စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးက တိုးတက်မှု ကျဆင်းနေရာကနေ အခုတော့ ပြန်လည်တည်ငြိမ်တဲ့အဆင့်ကို ရောက်ရှိလာပါပြီ။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စက်ရုံလုပ်ငန်းများကလည်း ပိုမိုတိုးတက်လာပါပြီ။ ဒီလိုတိုးတက်မှုဟာ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တရားဝင်စစ်တမ်း တစ်ခုက  စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလအတွင်း ဝယ်ယူမှုဆိုင်ရာ အညွှန်းကိန်းက ၄၉ ဒသမ ၇ ကနေ ၅၀ ဒသမ ၂ အထိ တိုးတက်လာတယ်လို့ ပင်မထုတ်ကုန်များအပေါ် လေ့လာဆန်းစစ်မှုအရ သိရပါတယ်။အဆိုပါအညွှန်းကိန်းအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း တည်ငြိမ်မှုရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ နိုင်ငံရဲ့စီးပွားရေးဟာ တရုတ်အစိုးရက သူ့နိုင်ငံရဲ့အတင်းကျပ်ဆုံး ကိုဗစ်စည်းမျဉ်းများကို ဖြေလျှော့ပေးပြီးနောက်ပိုင်း အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာပေမယ့် သိပ်မကြာခင်အချိန်မှာ တိုးတက်မှု နှေးကွေးသွားတာပါ။

အခုလိုမျိုး စီးပွားရေးတည်ငြိမ်မယ်ဆိုတဲ့ အစောပိုင်းလက္ခဏာတွေက သြဂုတ်လမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး စက်ရုံတွေကနေ ကုန်ထုတ်လုပ်မှုနဲ့ လက်လီအရောင်းနှုန်းထား တိုးတက်လာခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ပို့ကုန်/သွင်းကုန်တို့ကြားက ပမာဏကွာဟချက်ကလည်း ကျဉ်းမြောင်းလာပါတယ်။ ဒါ့အပြင် ငွေကြေးဖောင်းပွမှု လျော့ကျရေးအတွက် လုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ ဖိအားတွေကလည်း နည်းပါးသွားတာကို တွေ့ရပါတယ်။ သြဂုတ်လအတွင်း စက်မှုလုပ်ငန်းတွေကနေရရှိတဲ့ အမြတ်ငွေ ပမာဏက ၁၇ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဒါဟာဇူလိုင်လအတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားရာကနေ ရုတ်တရက်ပြောင်းပြန် မြင့်တက်လာမှု ဖြစ်ပါတယ်။

စက်မှုလုပ်ငန်း တစ်ခုတည်းကနေပဲ တိုးတက်မှုတွေရှိနေတာလားဆိုတော့ မဟုတ်ပါဘူး။ စက်မှုလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေလည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ အညွှန်းကိန်းနဲ့ ပြောမယ်ဆိုရင်တော့ သြဂုတ်လမှာ ၅၁ မှတ်ကနေ အခု ၅၁ ဒသမ ၇ အထိ မြင့်တက်လာတာပါ။ ဒါကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းနှစ်ရပ်ပေါင်းကနေ စီးပွားရေးတိုးတက်မှုက သြဂုတ်လ မှာ ၅၁ ဒသမ ၃ ကနေ စက်တင်ဘာလမှာ ၅၂ အထိမြင့်တက်လာတာကိုတွေ့ရပါတယ်။ စီးပွားရေး တည်ငြိမ်မှုကို မြင်တွေ့နိုင်တဲ့ အနီးဆုံးကာလကို ပြပါဆိုလျှင် မကြာသေးမီက ကျရောက်ခဲ့တဲ့ အားလပ်ရက် ရှည်ကိုညွှန်းဆိုရပါလိမ့်မယ်။

အဲဒီကာလအတွင်းမှာ စားသုံးသူသုံးစွဲမှု နှုန်းထားက အလွန်ကိုမြင့်တက်ခဲ့တာပါ။ စက်တင်ဘာ ၂၉ ရက် တုန်းက မီးရထားစီးပြီးခရီးသွားသူစုစုပေါင်း သန်း ၂၀ အထိရှိခဲ့ပါတယ်။ ဒါဟာ တစ်ရက်တာကာလအတွင်းသာဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်းမှာလည်း အားလပ်ရက်ရှည်က ဆက်လက်ရှိနေဦးမှာပါ။ အောက်တိုဘာ ၆ ရက်အထိပေါ့။ အဲဒီထဲမှာ အမျိုးသားနေ့အတွက် ပိတ်ရက်လည်းပါဝင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ အခုဆိုရင် တည်ငြိမ်ရာကနေ အတက်ဘက်ကို ဦးတည်လာတဲ့ အနေအထားရှိနေတာကိုတွေ့ရပါတယ်။       

Source: https://www.myawady.net.mm

Category: International News