International News

အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံ၏မုတ်သုံမိုးသည် ငါးနှစ်အတွင်း အနိမ့်ဆုံးဖြစ်

Last Updated:

သြဂုတ်လကို ရာစုနှစ်တစ်စုကျော်အတွင်း အခြောက်သွေ့ဆုံးဖြစ်စေခဲ့သော အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံ၏မုတ် သုံမိုးရွာသွန်းမှုသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်ဟု နိုင်ငံပိုင် မိုးလေဝသဌာနက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဒေါ်လာသုံးထရီလျံစီးပွားရေး၏ အသက်သွေးကြောဖြစ်သော မုတ်သုံရာသီသည် ၎င်း၏လယ်ယာမြေများ ရေရရှိရန်နှင့် ရေလှောင်ကန်များနှင့် ရေအောင်းလွှာများ ကို ရေပြန်လည်ဖြည့်တင်းရန်လိုအပ်သော မိုးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါးကို ပေးစွမ်းသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လယ်ယာမြေများ၏ ထက်ဝက်နီးပါးသည် ဆည်ရေမလုံလောက်ခြင်းနှင့် ကြုံတွေ့နေရသည်။ နွေကာလမိုးရွာသွန်းမှုမလုံလောက်ခြင်းသည် သကြား၊ ပဲမျိုးစုံ၊ ဆန်နှင့်ဟင်းသီး ဟင်းရွက်များကဲ့သို့ အဓိကစားကုန်များကို စျေးနှုန်းပိုမိုမြင့်တက်စေပြီး အလုံးစုံအစားအသောက်ဖောင်းပွမှုကို မြင့်တက်စေခဲ့သည်။ ဆန်၊ ဂျုံနှင့် သကြားတို့တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ထုတ်လုပ်သူဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်မှုလျော့နည်းလာခြင်းသည် အဆိုပါကုန်ပစ္စည်းများ တင်ပို့မှုများအပေါ် ကန့်သတ်ချက်များ ပိုမိုချမှတ်ရန်ဖြစ်ပေါ်စေခဲ့သည်။

ပြောင်း၊ ဝါပင်၊ ပဲပုတ်၊ ကြံနှင့် မြေပဲကဲ့သို့ ကောက်ပဲသီးနှံများအတွက်လည်း လိုအပ်သော မုတ်သုံမိုးသည် စက်တင်ဘာလတွင် ပျမ်းမျှခုနစ်ရာခိုင်နှုန်းအထက်ရှိသော်လည်း မိုးရာသီစတင်သည့် ဇွန်လ ၁ ရက်နေ့ကတည်းက ပျမ်းမျှအောက် ရှစ်ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အားနည်းသောစတင်ခြင်းနှင့်အတူ မုတ်သုံမိုးသည် ဇူလိုင်တွင် ပျမ်းမျှအထက် ၁၃ ရာခိုင်နှုန်း ပြန်လည်မရောက်ရှိမီ ဇွန်လတွင် ပျမ်းမျှအောက် ကိုးရာခိုင်နှုန်း လျော့ကျခဲ့သည်။

ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံတစ်ဝန်း မိုးရေချိန်သည် ၎င်း၏ကာလရှည်ကြာ ပျမ်းမျှမိုးရေချိန်၏ ၉၄ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်ဟု အိန္ဒိယနိုင်ငံမိုးလေဝသဌာန (IMD)က ထုတ်ပြန်ခဲ့သည်။ မုတ်သုံရာသီတွင် ယေဘူယျအားဖြင့် ဇွန်လတွင်စတင်လေ့ရှိပြီး စက်တင်ဘာလ ၁၇ ရက်တွင် စတင်ဆုတ်ခွာလေ့ရှိသည်။ အယ်နီညိုရာသီဥတုပုံစံကြောင့် ဇွန်လနှင့် သြဂုတ်လတွင် မိုးရွာသွန်းမှုနည်းပါးစေသည်။

တစ်ရာသီကန့်သတ်ချိန် (ရက်ပေါင်း ၃၀ မှ ၉၀ အတွင်း) အပူပိုင်းဇုံဒေသလေထုအတွင်း၌ အကြီးမားဆုံး ကျယ်ပြန့်စွာအပြောင်းအလဲ ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော Madden Julian Oscillation ၏တက်ကြွသော အဆင့်သည် ဇူလိုင်လနှင့် စက်တင်ဘာလတွင် မိုးကောင်းစွာရွာသွန်းနိုင်ရန် အထောက်အကူဖြစ်စေခဲ့သည်ဟု မိုဟာပါထရာက ပြောကြားခဲ့သည်။

“အယ်နီညိုဟာ မုတ်သုံရာသီကို သက်ရောက်မှုရှိစေတဲ့ တစ်ခုတည်းသောအချက်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြသနေပါတယ်။ အခြားဒေသဆိုင်ရာ အပြောင်းအလဲတွေက ကြီးမားတဲ့ကဏ္ဍကနေ သက်ရောက်နေပါတယ်”ဟု ၎င်းကဆိုသည်။ အိန္ဒိယနိုင်ငံသည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ပုံမှန်မိုးရေချိန်ရရှိရန် မျှော်မှန်းထားကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့ပြီး အောက်တိုဘာလအတွင်း နိုင်ငံ၏နေရာအများစုတွင် အပူချိန်များသည် ပုံမှန်အထက်တွင် ဆက်လက်ရှိနေဖွယ်ရှိသည်ဟု ထပ်မံပြောကြားခဲ့သည်။

Source: https://news-eleven.com

Category: International News