Local News

ပြောင်းစျေးတက်လာပေမယ့် စိုက်ပျိုးစရိတ်နဲ့အထွက်နူန်းလျော့လို့ တောင်သူတွေအကျိုးအမြတ်မရရှိသေး

Last Updated:

ပြောင်းဆံ စျေးနူန်းတက်လာပေမယ့်လည်း စိုက်ပျိုး  ရိတ်ခြွေစရိတ်မြင့်ခြင်းနဲ့ ပြောင်းဆံ အထွက်နူန်း လျော့ကျခြင်းကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရရှိဘဲဖြစ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ပြောင်းစျေးက ရန်ကုန်အစာစပ်စက်ရုံအရောက်စျေး တစ်ပိဿာကို ၁၁၈၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရှိသော်လည်း ပြောင်းစိုက်ပျိုးရာ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းမှာတော့ အစိုဓာတ် ၁၅ % ရှိပြောင်းဆံတစ်ပိဿာကို ၉၀၀ ကျပ် ၉၅၀ ကျပ်ဝန်းကျင်သာ စျေးပေါက်နေတယ်လို့သိရပါတယ်။

ရန်ကုန်အရောက် ပြောင်းဆံ စျေးမြင့်တက်လာမှုနဲ့အတူ ရှမ်းတောင်မှ ရန်ကုန်ကို ပြောင်းသယ်ယူပို့ဆောင်ရေးစရိတ်တွေကလည်း တစ်ပိဿာကို အနိမ့်ဆုံး ၁၃၀ ကျပ်မှ  ၂၀၀ ကျော်အထိ နေရာဒေသအပေါ်လိုက်ပြီး စျေးနူန်းမြင့်တက်လာတာကြောင့် တောင်သူတွေမှာ ပြောင်းဆံစျေးတက်တဲ့အပေါ် အကျိုးအမြတ် မခံစားရတဲ့သဘောဖြစ်နေတာ ဖြစ်ပါတယ်။ "အခုက သယ်ယူပို့ဆောင်ရေး စရိတ်တွေမြင့်လာတော့ ထင်သလောက်စျေးမရကြဘူး။ ရှမ်းမြောက်ဘက်ဆိုပိုဆိုးတယ်၊ သယ်ယူစရိတ်မြင့်တော့ ပြောင်းစျေးကထင်သလောက်မတက်ပေးကြဘူးပေါ့" လို့ ပြောင်းကုန်သည် တစ်ဦးကပြောပါတယ်။ 

ပြောင်းစိုက်တောင်သူတွေအနေနဲ့ မိုး ပြောင်းစိုက်ပျိုးရာမှာ အလုပ်သမားငှားရမ်းခနူန်းထား၊ မြေဩဇာ၊ စိုက်ပျိုးရေးသွင်းအားစု၊ ပြောင်းဆံ မျိုးဝယ်ယူရတဲ့နူန်း၊ စက်သုံးဆီ၊ ယာမြေထွန်ယက်ခနူန်းထား စတဲ့အထွထွေကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် မိုးပြောင်း စိုက်ပျိုးမှုကုန်ကျစရိတ်က မြင့်တက်လာတယ်လို့သိရပါတယ်။ ပြောင်း တစ်ဧကကို စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းပြီး ပြောင်းဆံဖြစ်တဲ့အထိ တစ်ဧကကို အနည်းဆုံး  ၈ သိန်းကျပ်ကုန်ကျပြီး ပြောင်းဆံ အထွက်နူန်းမှာ ပိဿာ ၈၀၀ လောက်သာထွက်ရှိတယ်လို့သိရပါတယ်။

Source: (AMIA)

Source: https://t.me/htwettoe

 

 

Category: Local News