ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်လာကြောင်း မအူပင်မြို့နယ်ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ မအူပင်မြို့နယ်တွင် ဒီဇင်ဘာလ တတိယပတ်မှ စတင်ပြီး ယနေ့ထိ စားတော်ပဲများအဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ စားတော်ပဲများ တစ်ပတ်လျှင် ၁၆ ပြည်ဝင် အိတ်ရေ ၁၀၀ မှ ၂၅၀ ထိ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ “စားတော်ပဲက အရင်ကထက်တော်တော်လေးအရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းစားသုံးမှုအားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ်ကောင်းလာတာပါ။ အရောင်းအဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကပါ ဝယ်ယူမှုကောင်းလာတာပါ” ဟု မအူပင်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ မအူပင်မြို့နယ်တွင် စားတော်ပဲများအပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသတွင် ဒေသခံများက စားတော်ပဲကို အခြားသီးနှံများနှင့် ယှဉ်တွဲပြီး တစ်ဦးလျှင် တစ်ဧကမှ ၁၀ ဧကထိ စိုက်ပျိုးကြကြောင်း သိရသည်။
Source: ရတနာပုံ သတင်းစာ