အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ်နိုင်ငံထုတ်ဒရုန်းများကို တားမြစ်မှု ချမှတ်ရန် သို့မဟုတ် ကန့်သတ်ရန် စည်းမျဉ်းအသစ်တစ်ရပ်ထုတ်ပြန်နိုင်ရေး စီစဉ်လျက်ရှိသည်ဟု The New York Times အွန်လိုင်းသတင်း၌ ၂-၁-၂၀၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတိပေးထုတ်ပြန်ချက်တွင် ဒရုန်းများ၏ ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များတွင် တရုတ်နှင့် ရုရှားနိုင်ငံများ ပါဝင်နေခြင်းသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် လက်မခံနိုင်သော သို့မဟုတ် ပို၍ ကြီးမားသည့် အန္တရာယ်ရှိနိုင်သည်ဟုဖော်ပြခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများအား အကြံပြုချက် တောင်းခံ ထားရာ တရုတ်နှင့် ရုရှားထုတ်ဒရုန်းများအပေါ် တားမြစ်မှုပြုလုပ်မည်ဆိုပါက ဒေါ်နယ်ထရမ့်အစိုးရ လက်ထက်တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ အခြေခံအဆောက်အအုံများနှင့် လုံခြုံရေးအချက်အလက်များကို အွန်လိုင်းသူလျှိုထောက်လှမ်းမှု (Cyberespionage) ပြုလုပ်ခြင်းဖြင့် ရယူလိုကြသဖြင့် အစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွား အတွက် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ ဥပဒေနှင့် နိုင်ငံရေးအခြေအနေများကို အဆင့်မြှင့်ဆောင်ရွက် ရန် လိုအပ်လာသည်ဟုလည်း ကူးသန်းရောင်းဝယ်ရေးဌာနက ပြောကြားခဲ့ပါသည်။
အမေရိကန်ဒရုန်းဈေးကွက်၏ (၇၅) ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီများမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ ဒရုန်းဈေးကွက်သည် အလွန်သေးငယ်သော် လည်း ပြည်တွင်းဒရုန်းထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ရန် ကြေညာခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပြုစည်းမျဉ်းအသစ်သည် အမေရိကန်နိုင်ငံအား နိုင်ငံခြားတိုင်းပြည်/အဖွဲ့အစည်း များ၏ အန္တရာယ်မှကာကွယ်ရန် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Ms. Gina Raimondo က ပြောကြားခဲ့ပါသည်။ ဒရုန်းများသည် အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပေါက်ကွဲစေတတ်သော ဗုံး၊ လက်နက်တို့ကို ပို့ဆောင်နိုင်ခြင်း သို့မဟုတ် အဆောက် အအုံများ၏ဖွဲ့စည်းပုံအပြင်အဆင်အပါအဝင် အရေးပါသည့်အခြေခံအဆောက်အအုံများ၏ အချက် အလက်များကို စုဆောင်းနိုင်ကြောင်း၊ အမေရိကန်နိုင်ငံရှိ အရေးပါသည့်အခြေခံအဆောက်အအုံ များသည် ဒရုန်းများအပေါ်တွင်များစွာမှီခိုနေကြရပြီး ဒရုန်းများကို အဝေးမှထိန်းချုပ်လျက် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အန္တရာယ်ကျရောက်စေရန်ဖန်တီးနိုင်ကြောင်း၊ အဆိုပြု စည်းမျဉ်းအသစ်သည် အန္တရာယ်များကိုလျော့ချနိုင်သည့် အစီအမံများချမှတ်မည် သို့မဟုတ် ဆိုက်ဘာ လုံခြုံရေးဆော့ဖ်ဝဲ သို့မဟုတ် သီးခြားဒီဇိုင်းလိုအပ်ချက်များထုတ်ပြန်၍ တရုတ်ဒရုန်းများကို ဆက်လက်ရောင်းချခွင့်ပြုမည် စသည်ဖြင့် စဉ်းစားလျက်ရှိကြောင်း သိရှိရပါသည်။
အခြားတစ်ဖက်တွင် တရုတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံမှ Raytheon ၊ လေယာဉ် ထုတ်လုပ်သည့် Boeing နှင့် Lockheed Martin အပါအဝင် ကုမ္ပဏီအများအပြားကို ၂-၁၂-၂၀၂၄ ရက်တွင် ပို့ကုန်ထိန်းချုပ်မှုစာရင်း (Export control list)၌ ထည့်သွင်းခဲ့ပါသည်။ တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် အမေရိကန် ကုမ္ပဏီ (၂၈)ခုအား ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ အရပ်ဖက်နှင့် စစ်တပ်နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကိုလည်း တားမြစ်ကြောင်းနှင့် ကုမ္ပဏီ (၁၀) ခုကို ထိုင်ဝမ်သို့လက်နက်များ ရောင်းချခဲ့ခြင်းကြောင့် ယုံကြည်စိတ်ချရမှုမရှိသောလုပ်ငန်းများစာရင်း (Unreliable entities list) တွင် ထည့်သွင်းခဲ့ပြီး ယင်းလုပ်ငန်းများသည် တရုတ်နိုင်ငံ၌ စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန်တားမြစ်ပြီး ယင်းလုပ်ငန်းများ၏ အမှုဆောင်အရာရှိများကိုလည်း တရုတ်နိုင်ငံ သို့ ဝင်ရောက်ခွင့် သို့မဟုတ် တရုတ်နိုင်ငံ၌ နေထိုင်ခွင့်တားမြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံမှ ပို့ကုန်ထိန်းချုပ်မှုစာရင်းထည့်သွင်းသည့်ကုမ္ပဏီများတွင် အမေရိကန်နိုင်ငံ၏ အဓိကကျသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Raytheon Missile Systems ၊ Boeing Defense ၊ Space and Security ၊ Lockheed Martin Missiles နှင့် Fire Controls စသည်တို့ပါဝင်ကြောင်း၊ ထို့အပြင် တရုတ်အစိုးရအနေဖြင့် အမေရိကန် Chip ထုတ်လုပ်သည့်ကုမ္ပဏီ Nvidia အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ကြေညာခဲ့ပြီး ရှားပါးသတ္တုများ (Rare minerals) အမေရိကန် နိုင်ငံသို့ တင်ပို့မှုကိုတားမြစ်ခဲ့ကြောင်း သိရှိရပါသည်။