Local News

၂၀၂၄ ခုနှစ်အထိ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့ခွင့်ရရှိထား

Last Updated:

          မြန်မာနိုင်ငံမှထွက်ရှိသည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံများကိုလာမည့် ၂၀၂၄ ခုနှစ်အထိ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့ခွင့်ရရှိထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ  သိရသည်။  ပြည်တွင်း၌  စိုက်ပျိုးထွက်ရှိသည့်  ပဲမျိုးစုံကို ပြည်ပသို့တင်ပို့ရာတွင် ပြည်ပပို့ကုန်ပမာဏမှာ နှစ်စဉ်တန်ချိန် တစ်သန်းအထက် တင်ပို့နေရကြောင်းနှင့်  ပို့ကုန်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီယံအထိ ရရှိနေကြောင်း သိရသည်။

      အိန္ဒိယနိုင်ငံသို့ ပဲတီစိမ်း ၊ မတ်ပဲနှင့် ပဲစင်းငုံများ အဓိကတင်ပို့နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် မတ်လအထိ တင်ပို့ခွင့်ရရှိထားခြင်းဖြစ်ကြောင်းနှင့် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံအပြင် တရုတ်နိုင်ငံသို့လည်း တင်ပို့နေကြောင်းသိရသည်။ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၂၃ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ၃၅၀၇၆၄ တန်၊ နယ်စပ်မှ ၄၄၁၂၆ တန်၊ စုစုပေါင်းတန်ချိန် ၃၉၄၈၉၁ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၀၈ ဒသမ ၉၁၁) သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

     မြန်မာတစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများဖြစ်ရာ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်းသိရသည်။

Source: Popular News Journal

Category: Local News