Local News

ဂျပန်နိုင်ငံမှ မြန်မာ့မျှစ်ခြောက် တန်ချိန် (၂၀၀)ခန့် နှစ်စဉ် အမှာရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် မှာယူသလောက် တင်ပို့နိုင်ခြင်း မရှိသေး

Last Updated:

     မြန်မာ့မျှစ်ခြောက် တန်ချိန် (၂၀၀) ခန့်ကို နှစ်စဉ်ဝယ်ယူရန် ဂျပန်နိုင်ငံမှ အမှာရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် ဈေးကွက်လိုသလောက်တင်ပို့နိုင်ခြင်းမရှိဘဲ (၇)တန်ခန့်သာ တင်ပို့နိုင်ကြောင်း  မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊  မျှစ်လုပ်ငန်းအစုအဖွဲ့မှ  ဥက္ကဋ္ဌ  ဒေါ်နန်းခင်အုန်း၏  ပြောကြားချက်အရ  သိရသည်။  "အဓိက ပို့နေတာက ဂျပန်နိုင်ငံပေါ့။ ဂျပန်နိုင်ငံ  ကလည်းနှစ်စဉ်နှစ်တိုင်း အော်ဒါက တန် (၂၀၀) လောက်ရှိတယ်။ အဓိကကုန်ကြမ်းမလောက်တဲ့ ပြသနာပေါ့နော်။ လိုသလောက်မပို့နိုင်ဘူး။ ကျွန်မတို့က မျှစ်အပြင်ပိုင်းကို‌ ပို့တာ။ သဘာဝဝါးတောကိုပဲ   မှီခိုနေရတာ။  စိုက်ခင်းကို  သေသေချာ‌ချာမသွားနိုင်သေးဘူး။  စိုက်ခင်းကိုတော့  ကြိုးစားနေတဲ့  အနေအထားပါ။  နည်းပညာကတော့  ဂျပန်နိုင်ငံပေါ့။  ဈေးကွက်ကလည်း  ဂျပန်နိုင်ငံ ပဲဆိုတော့ သူတို့လိုချင်တဲ့ ပုံစံအတိုင်း နည်းပညာကို ရယူတာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

     လက်ရှိတွင် မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံအပြင် တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူမှုရှိနေပြီး ဂျပန်နိုင်ငံက အရည်အသွေးနှင့် အရသာကို ပိုမိုကြိုက်နှစ် သက်မှုရှိကြောင်း သိရသည်။ မျှစ်လုပ်ငန်းကို နေပြည်တော်အတွင်းရှိ မြို့နယ်များ၌ အဓိကထားလုပ်ကိုင်ကြပြီး မျှစ်များကို အချဉ်ခံကာ ပါကင်ထုပ်ပိုးသည့်စနစ်ဖြင့် လက်လီလက်ကားဖြန့်ချိလျက်ရှိပြီး မျှစ်အစိုတစ်ပိဿာလျှင် ငွေကျပ် ၈၀၀ နှင့် ဝါးနုတစ်ပိဿာလျှင် ငွေကျပ်  ၁၀၀၀ ခန့် ရရှိကြောင်း သိရသည်။ ပျဉ်းမနားမြို့နယ်ရှိ လိလိမ်၊ လွှဲကြီး၊ ရေပြောင်းပြန်၊ ဂမုန်းတောင်၊ မြေမြိုတောင်၊ စောင်တောင်ကြီး၊ မဲပေါက်၊ ပင်ရဲဆို စသည့်ဒေသများသည် ဝါးတောများ ပေါများသော နေရာဖြစ်ပြီး မျှစ်အများဆုံး ထွက်ရှိရာဒေသများဖြစ်ကြောင်းလည်း သိရသည်။

Source: Popular News Journal

Category: Local News