International News

ထိုင်းနိုင်ငံနှင့် ဗီယက်နမ် ဆန်တင်ပို့သူများ ဆန်တန်ချိန် ၅ သိန်း ဈေးနှုန်းများ ပြန်လည်ညှိနှိုင်း

Last Updated:

     အိန္ဒိယနိုင်ငံက ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်သည့်အတွက် ကမ္ဘာ့ဆန်ဈေး မြင့်တက်သဖြင့် ပြည်တွင်းစပါးဈေးနှုန်းများလည်း မြင့်တက်သွားကြောင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်တင်ပို့ရောင်းချသူများသည် ဩဂုတ်လအတွက် မက်ထရစ်တန်ချိန် ငါးသိန်းခန့် တင်ပို့ရောင်းချရန် စာချုပ်ပါ ဈေးနှုန်းများကို ပြန်လည်ညှိနှိုင်းနေကြသည်။အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေး မြင့်တက်သည့်အတွက် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စပါးရောင်းသည့် လယ်သမားများနှင့် ဆန်တင်ပို့သူများ အမြတ်ထွက်ကြမည် ဖြစ်သည်။ 

     ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်ဝယ်ယူတင်သွင်းရသူများ ဈေးပိုပေးကြရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု ပိတ်ပင်ခြင်း မပြုခင်က ချုပ်ဆိုထားသည့် စာချုပ်ပါ ဈေးနှုန်းများဖြင့် ဆန်တင်ပို့ပေးကြတော့မည် မဟုတ်ချေ။ အဆိုပါ ဆန်အရောင်းအဝယ် စာချုပ်များကို ဆန်တင်ပို့သူတို့က  ဈေးနှုန်းများ ပြန်လည်ညှိနှိုင်းနေကြသည်။ အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ဆန်ဝယ်ယူတင်သွင်းရသည့် နိုင်ငံများသည် ဝယ်စရာဆန် မရှိတော့မည့်အရေးကို စိုးရိမ်ပူပန်နေကြသည်။ ဆန်တင်သွင်းသူတွေမှာ ရွေးချယ်စရာ မရှိပါ။ ဈေးအမြင့်ဖြင့် ပေးချေပြီး ဝယ်ယူကြရမည် ဖြစ်သည်။  

     “အိန္ဒိယနိုင်ငံက ဆန်ပို့ကုန်တွေကို ပိတ်ပင်လိုက်တဲ့အတွက် ဈေးနှုန်းတွေတက်သွားပြီး တင်ပို့သူတွေအနေနဲ့ ယခင်ဈေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို တင်ပို့ပေးဖို့ ခဲယဉ်းပါတယ်" ဟု စင်ကာပူနိုင်ငံမှ ဆန်ကုန်သည် တစ်ဦးက ပြောကြားသည်။ အိန္ဒိယနိုင်ငံသည် ဆန်အများဆုံး တင်ပို့သည့်နိင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည် ဆန်ဒုတိယအများဆုံး တင်ပို့သည့်နိင်ငံဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် တတိယအများဆုံး တင်ပို့သည့်နိင်ငံဖြစ်သည်။

     ဩဂုတ်လတွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံ စုစုပေါင်း ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့ကြမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံက ဇူလိုင် ၂၀ ရက်တွင် ဆန်တင်ပို့မှု  တားမြစ်ပိတ်ပင်ထားချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့သည့် အဓိကဆန်မျိုးကွဲများ၏ ကမ္ဘာ့စျေးနှုန်းများသည် မက်ထရစ်တစ်တန်လျှင် ကန်ဒေါ်လာ ၈၀ ခန့် မြင့်တက်ခဲ့သည်။ ၅%ဆန်ကွဲပါ ထိုင်းဆန်သည် လွန်ခဲ့သည့် ၂ ပတ်က ခေါ်ဈေး တစ်တန်လျှင် $545 ရှိခဲ့ပြီး ယခုအခါ  $625 သို့ ရောက်ရှိနေသည်။ ၅%ဆန်ကွဲပါ ဗီယက်နမ်ဆန်သည် လွန်ခဲ့သည့် ၂ ပတ်က ခေါ်ဈေး တစ်တန်လျှင် $515-$525 ရှိခဲ့ပြီး ယခုအခါ  $590 သို့ ရောက်ရှိနေသည်။

     “လက်ရှိ ပေါက်ဈေးက စာချုပ်ပါဈေးထက် အများကြီး မြင့်နေတယ်” ဟု ဟိုချီမင်းမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။ "ပြည်တွင်း စပါးဈေးတွေ ဈေးထိုးတက်လို့ ပို့ကုန်ဆန်ဈေးလည်း မြင့်တက်သွားတယ်" ဟု ၎င်းက ပြောကြားသည်။ "လုပ်ငန်းကြီးတွေ စာချုပ်အတိုင်းပေးပို့နိုင်ကြပေမဲ့ လုပ်ငန်းအငယ်တွေကတော့ ပေးပို့နိုင်တော့မှာ မဟုတ်ဘူး" ဟု ၎င်းက ပြောကြားသည်။

Source Reuters

https://www.foodindustrydirectory.com.mm

Category: International News