Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ငါးမုတ်ငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ငါးမုတ်ငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးနွယ်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ငါးမုတ်ငါးပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးမုတ်ငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးမုတ်ငါးများကို ပြည်တွင်းဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဩဂုတ်လပထမပတ်ကစပြီး ငါးမုတ်ငါးတွေက တင်ပို့ရောင်းချအားကောင်းလာခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်လအတွင်း ငါးမုတ်ငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ငါးမုတ်ငါးတွေ ဝယ်ယူမှုများပြားလာလို့ တင်ပို့မှုကောင်းခဲ့တာပါ။ ကုန်တင်ပို့မှုတက်လာတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေအဆင်ပြေနေပါတယ်။ ဒီဘက်ဒေသကထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချနေပါတယ်”ဟု လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးနွယ်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးမုတ်ငါးများအပါအဝင် ဒေသထွက်ရေထွက်ကုန်များကိုဝယ်ယူပြီး စနစ်တကျဆေးကြောသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှ အခြားဒေသများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် တစ်ရက်လျှင် ငါးမုတ်ငါးပိဿာချိန် ၁၀ လျှင် ငွေကျပ် ၁၁၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News