International News

ဗီယက်နမ်နိုင်ငံသို့ လယ်ယာသုံးစက်ပစ္စည်းများတင်ပို့ရန် တောင်ကိုရီးယားကြိုးပမ်းမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၊ စိုက်ပျိူးမွေးမြူရေး၊ အစားအသောက်နှင့် ကျေးလက်ရေးရာဝန်ကြီးဌာန(MAFRA)သည် ကိုရီးယားကုမ္ပဏီ ၁၅ ခုမှ ကိုယ်စားလှယ်အဖွဲ့အား ၎င်းတို့၏လယ်ယာသုံး စက်ပစ္စည်းများ ဗီယက်နမ်နိုင်ငံသို့တင်ပို့ခွင့်ရရန်အတွက် ကြေညာမိတ်ဆက်ရန် ဩဂုတ်လ ၂၆ မှ ၃၁ ရက်နေ့အထိ ဗီယက်နမ်သို့ စေလွှတ်သွားမည်ဟု သိရပါသည်။ MAFRA ၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် တောင်ကိုရီးယား လယ်ယာသုံးစက်ပစ္စည်းများနှင့် တပ်ဆင်ပစ္စည်းများတင်ပို့ရာ အရေးပါသော ဈေးကွက်တစ်ခုအဖြစ်ပေါ်ထွက်လာပြီး ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံတန်ဖိုးရှိသည့် လယ်ယာသုံးစက်ပစ္စည်းများအား တောင်ကိုရီးယားထံမှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု အခက်အခဲများရှိသော်လည်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်ပို့မှုမှာ ဆက်လက်မြင့်တက်နေပြီး လွန်ခဲ့သည့်နှစ်ထက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီ ၃၀ ခုတို့နှင့် ပို့ကုန်ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် ပစ္စည်းတစ်ခုချင်းစီအတွက် သွင်းကုန် အကောက်ခွန်လုပ်ထုံးလုပ်နည်းများပါဝင်သော ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့်ဆက်စပ်သော မူဝါဒများ၊ စည်းမျဉ်းများနှင့် လယ်ယာသုံးစက်ပစ္စည်း၏ အသိအမှတ်ပြုလက်မှတ်နှင့် ဆက်စပ်သော အသေးစိတ်အချက်အလက်များ၏ လက်ရှိအခြေအနေကို လေ့လာရန် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်မည်ဟု သိရပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့တင်ပို့ခဲ့သည့် ထုတ်ကုန်များအတွက် မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ခြင်း အစရှိသော လုပ်ထုံးလုပ်နည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုပြုလုပ်ရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ MAFRA ၏ Agri-Food Innovation Policy Bureau ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Lee Sang-men က ပြည်ပကုန်စည်ပြပွဲများ၊ အဝယ်တော်ချိတ်ဆက်မှုနှင့် ပို့ကုန်ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးများ အစရှိသည့် အရောင်း Channel ဖန်တီးရန် ‌ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအသင်း စေလွှတ်ခြင်းအားဖြင့် တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ လယ်ယာသုံးစက်ပစ္စည်းကုမ္ပဏီများအနေဖြင့် ဗီယက်နမ် ဈေးကွက်သို့ ထိုးဖောက်ရန်အတွက် အခြေခံအုတ်မြစ်ခိုင်မာပြီး တင်ပို့မှုတိုးချဲ့ရန် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်မှစ၍ MAFRA သည် တောင်ကိုရီးယား လယ်ယာသုံးစက်ပစ္စည်းတင်ပို့သူများ ပြည်ပဈေးကွက်တွင် တင်ပို့မှုတိုးချဲ့နိုင်ရန်အတွက် အခွင့်အလမ်းများရှာဖွေရန် နိုင်ငံများသို့ ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအသင်းများ နှစ်စဉ်စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: International News