ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပခန်းစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇူလိုင်လအတွင်းက ပခန်းစပါးတင်းရေ ၆၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပခန်းစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ဓနုဖြူမြို့နယ်ကနေ ဩဂုတ်လအတွင်း ပခန်းစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ဓနုဖြူမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကိုတင်ပို့တဲ့ ပခန်းစပါးတွေက အရည်အသွေးတော်တော်ကောင်းပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ပခန်းစပါးက အကြမ်းအုပ်စုထဲမှာပါတဲ့စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်ဝယ်လက်တွေက ဝယ်ယူမှုများနေလို့ တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိစပါးဈေးကလဲ ကောင်းနေပါတယ်။ ပြည်တွင်းဆန်၊ စပါးဈေးကွက်မှာကို ပခန်းစပါးက အဝယ်လိုက်နေတာပါ” ဟု ဓနုဖြူမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြသည်။
ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ပခန်းစပါး တင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉၅၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ
 
                         
                     
                         
                        