International News

ရေရှည်တည်တံ့သောမွေးမြူရေးသို့ ကူးပြောင်းရေးကမ္ဘာ့ညီလာခံကို ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FOOD AND AGRICULTURE ORGANIZATION – FAO) က ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပ

Last Updated:

ပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုနည်းပြီး စီးပွားရေးအကျိုးအမြတ်များ မျှတစွာကျန်ရှိနိုင်မည့် ထုတ်လုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် ပထမဆုံးအကြိမ် ရေရှည်တည်တံ့သော မွေးမြူရေးသို့ကူးပြောင်းရေး ကမ္ဘာ့ညီလာခံကိုအီတလီနိုင်ငံ၊ ရောမမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ၃ ရက်ကြာကျင်းပခဲ့ပါသည်။

ညီလာခံသို့ အသေးစားလယ်သမားများ(small scale farmers) အပါအဝင် ကမ္ဘာနှင့်အဝှမ်း ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ တက်ရောက်ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ် Mr. QU Dongyu ၏ အဖွင့်အမှာစကားတွင် မွေးမြူရေးထုတ်ကုန်များသည် လူတိုင်းအတွက် လိုအပ်သောအာဟာရများ ဖြည့်တင်းရန်နှင့် ကမ္ဘာ့လူနေမှုဘဝမြှင့်တင်ရေးနှင့် စီးပွားရေးအခွင့်အလမ်း များအတွက် အရေးကြီးပါကြောင်း၊ ထိရောက်သောမွေးမြူရေးထုတ်ကုန်များထုတ်လုပ်ရာတွင် စားသောက်ကုန် ကုန်ကြမ်းကိုအများဆုံးပမာဏဖြင့် ထုတ်လုပ်နိုင်ခြင်း၊ စားသောက်ကုန်ကြမ်းဆုံးရှုံးခြင်းနှင့် လေလွင့်ခြင်းကိုလျှော့ချနိုင်ခြင်း၊  အာဟာရပါဝင်မှုမြှင့်တင်နိုင်ခြင်းတို့  လိုအပ်ကြောင်း၊  ယင်းသို့  ထုတ်လုပ်နိုင်ပါက  မျိုးရိုးဗီဇကွဲပြားခြင်း၊  မြေယာနှင့်ရေအရင်းအမြစ်  စသည့် ဖိအားများကို လျှော့ချစေနိုင်သလို အစိမ်းရောင်ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်နေမှုများကို ဖြေရှင်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း၊ ကမ္ဘာ့ကလေးငယ်အများစုမှာ နို့မသောက်နိုင်သောကြောင့် တိရစ္ဆာန်မှပရိုတင်းထုတ်ကုန်များ ထုတ်လုပ်သူများကို အသိအမှတ်ပြုပြီး ၎င်းတို့အခက်အခဲများကို ဖြေရှင်းပေးရန်လိုကြောင်း၊ တိရစ္ဆာန်မှတစ်ဆင့်ကူးစက်သောရောဂါများနှင့် ပိုးသတ်ဆေးယဉ်ပါးသောကိစ္စများ၏ အန္တရာယ်ကို ပူးပေါင်းဖြေရှင်းရန်လိုအပ်ကြောင်း၊ ယခုညီလာခံနှင့်အပြိုင် “ရေရှည်တည်တံ့သော မွေးမြူရေးသို့ ကူးပြောင်းရေး” လူငယ်စကားဝိုင်းကိုမြေထဲပင်လယ်ဒေသတွင်း တက္ကသိုလ်များသမဂ္ဂနှင့်ပူးပေါင်း၍ ကျင်းပလျက်ရှိပြီး တိရစ္ဆာန် မွေးမြူရေးကဏ္ဍရှိ လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အခွင့်အရေးများအကြောင်း ဆွေးနွေးနေပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ တိရစ္ဆာန်ထုတ်လုပ်ရေးနှင့်ကျန်းမာရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ThanawanTiensin က လက်ရှိဆောင်ရွက်နေသော တိရစ္ဆာန် မွေးမြူရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးSyahrul Yasin Limpo ၊ ဆိုမာလီးယားနိုင်ငံ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးSiad Hussein Lid ၊ ဥရုဂွေးနိုင်ငံမွေးမြူရေး၊ စိုက်ပျိုးရေးနှင့်ငါးသယံဇာတဝန်ကြီးဌာန၊ ဝန်ကြီး Fernando Mattos၊ လာအိုနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ThongphatVongmanyနှင့် ဩစတြေးလျ၊ ဘရာဇီး၊ နယူးဇီလန်၊ ဆော်ဒီအာရေဗျနှင့်ဆွစ်ဇာလန်တို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ကြပါသည်။

တိရစ္ဆာန်အစာနှင့် မျိုးရိုးဗီဇ၊ တိရိစ္ဆာန်ကျန်းမာရေးနှင့်ပျော်ရွှင်ရေး၊ လူသားအာဟာရ၊ ဆဲလ်အခြေခံထုတ်လုပ်ထားသော စားသောက်ကုန်များ၊ နည်းပညာနှင့်တီထွင်မှု၊ ရာသီဥတုဖောက်ပြန်ခြင်းကို သက်သာလျော့ပါးစေခြင်းနှင့် လိုက်လျောညီထွေ ဖြစ်စေမည့်နည်းလမ်းများ၊ သဘာဝရင်းမြစ်စီမံခန့်ခွဲမှုနှင့် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုစသည့် ခေါင်းစဉ်များအပေါ် ဆွေးနွေးကြပါသည်။ ဆွေးနွေးရရှိချက်များကို ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ လယ်ယာကော်မတီအောက်ရှိ မွေးမြူရေးဆပ်ကော်မတီအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပြီး တိကျသောစည်းမျဉ်းများ၊ အဓိကထားဆောင်ရွက်မည့် နည်းလမ်းများကိုရရှိရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုညီလာခံဖွင့်ပွဲနှင့်အတူ “ရေရှည်တည်တံ့သော မွေးမြူရေးသို့ကူးပြောင်းရေးနှင့်ရေရှည်တည်တံ့ သောစက်မှုလယ်ယာပူးတွဲပြပွဲ” တစ်ခုကိုလည်းဖွင့်ပွဲနေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

Source :        FAO

https://commerce.gov.mm

Category: International News